၁။ ခရီး

လက်မှတ်ဆိုသည်မှာ အီလက်ထရွန်နစ်စနစ်ဖြင့်ထုတ်ပေးသော လက်မှတ် (Electronic Ticket) ဖြစ်စေ (သို့မဟုတ်) “ခရီးသည်လက်မှတ်နှင့် ခရီးဆောင်အိတ်/ ပစ္စည်းစစ်ဆေးမှု” တွင် အကျုံးဝင်သည့် စာရွက်စာတမ်းအထောက်အထားဖြစ်စေ မိမိတို့ MAI မှ (သို့မဟုတ်) မိမိတို့ကိုယ်စား ထုတ်ပေးထားသည့် လက်မှတ်တစ်ခုချင်းစီကို ဆိုလိုသည်။ ထို့ပြင် သဘောတူကန်ထရိုက်စာချုပ်၏ စည်းမျဉ်းကန့်သတ်ချက်များ၊ သတိပေးကြေငြာစာများနှင့် ကူပွန်များသည်လည်း လက်မှတ်တွင် ထည့်သွင်းသတ်မှတ်သည်။ 

၂။ လေယာဉ်လက်မှတ်ခ

(၁) လေယာဉ်လက်မှတ်ခနှင့် သက်ဆိုင်မှု

လေယာဉ်လက်မှတ်ခသည် မူလထွက်ခွာရာလေဆိပ်မှ သွားရောက်မည့်နေရာလေဆိပ်ထိ သယ်ယူပို့ဆောင်မှုနှင့်သာ သက်ဆိုင်သည်။ လေယာဉ်လက်မှတ်ခတွင် မြေပြင်သယ်ယူပို့ဆောင်မှု မပါဝင်ပေ။

(၂) ပုံမှန်လေယာဉ်လက်မှတ်ခ

ပုံမှန်လေယာဉ်လက်မှတ်ခဆိုသည်မှာ Business class နှင့် Economy class အတွက် သတ်မှတ်ကာလ တစ်ရပ်အတွင်းသာ သက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည့် အမြင့်ဆုံးလေယာဉ်လက်မှတ်ခကို ဆိုလိုသည်။

(၃) အထူးလက်မှတ်ခ

အထူးလက်မှတ်ခဆိုသည်မှာ “ပုံမှန်လေယာဉ်လက်မှတ်ခ” မှတစ်ပါး အခြားလေယာဉ်လက်မှတ်ခ အမျိုးအစားအားလုံးကို ဆိုလိုသည်။

(၄) ကလေးလက်မှတ်ခ

အသက် ၂ နှစ်မှ ၁၂ နှစ်အကြား ကလေးငယ်များအား ပုံမှန်လူကြီးလေယာဉ်လက်မှတ်ခ၏ ၇၅ ရာခိုင်နှုန်း ကောက်ခံသည်။

(၅) ရင်ခွင်ပိုက်ကလေးလက်မှတ်ခ

အသက် ၂ နှစ်အောက် ရင်ခွင်ပိုက်ကလေးငယ်များအား လေယာဉ်ထိုင်ခုံ စီစဉ်မပေးပဲ ပုံမှန်လူကြီး လေယာဉ်လက်မှတ်ခ၏ ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသည်။

(၆) အသုံးဝင်မည့်အကြံပြုချက်

အထူးဈေးနှုန်းဖြင့် ရောင်းချသော လက်မှတ်များ၊ အချို့သော လျှော့ဈေးလက်မှတ်များ သည် ပြန်အမ်းငွေထုတ်ယူခွင့် မပြုခြင်း၊ ထပ်မံနေရာ ကြိုတင်တောင်းခံခွင့် မပြုခြင်း၊ အခြားလေကြောင်းလိုင်းသို့ လွှဲပြောင်းမပေးခြင်းစသည့် အသုံးပြုမှုအပေါ် ကန့်သတ်ချက်များ ပါဝင်လေ့ရှိသည်။ သို့ရာတွင် အားလုံးကို ကန့်သတ်ထားခြင်း မဟုတ်ပေ။ သို့ဖြစ်၍ Booking တစ်ရပ်ပြုလုပ်သည့်အခါ သင့်အတွက် အသင့်လျော်ဆုံး လေယာဉ်လက်မှတ်ခကို ရွေးချယ်နိုင်ရေး အတွက် သင်ဝယ်ယူမည့် လက်မှတ်ခ၏ လက်မှတ်ခ ကန့်သတ်ချက်များကို သတိပြုဆောင်ရွက်ပါ။

၃။ လက်မှတ်တရားဝင်ဖြစ်ခြင်း

ပုံမှန်ဈေးနှုန်းဖြင့် လေယာဉ်လက်မှတ်တစ်စောင်၏ တရားဝင်ဖြစ်မှု (သက်တမ်း) သည် ခရီးစတင်ထွက်ခွာသည့်ရက်မှ တစ်နှစ် (သို့မဟုတ်) လက်မှတ်၏ မည်သည့်အပိုင်းကိုမျှ အသုံးပြုရခြင်း မရှိသေးပါက လေယာဉ်လက်မှတ် ထုတ်ပေးသည့်ရက်မှ တစ်နှစ်ဖြစ်သည်။ အထူးနှုန်းထား လေယာဉ်လက်မှတ်တစ်စောင်၏ တရားဝင်ဖြစ်မှု (သက်တမ်း) ကာလသည် သက်ဆိုင်ရာမူဝါဒများအပေါ် မူတည်သည်။

၄။ ဝန်ဆောင်ခနှင့်အခွန်

အစိုးရဌာနများ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ (သို့မဟုတ်) လေဆိပ်တာဝန်ရှိသူများမှ ကောက်ခံသည့် သက်ဆိုင်ရာအခွန်အခများ၊ အာမခံထပ်ဆောင်းခွန်၊ လေယာဉ်ဆီထပ်ဆောင်းခများသည် လေယာဉ်လက်မှတ်ခတွင် ပါဝင်ခြင်းမရှိပဲ ခရီးသည်များမှ ပေးဆောင်ကြရမည်ဖြစ်သည်။

၅။ လေကြောင်းပို့ဆောင်ရေးအတွက် E-ticket

အီလက်ထရွှန်နစ်စနစ်ဖြင့် ထုတ်ပေးသော ခရီးစဉ်တစ်ခု၏ E-ticket မှာ လက်မှတ်ဝယ်ယူခဲ့သူ ခရီးသည်များအတွက် ပြန်ထုတ်ပေးသည့် ငွေပေးချေမှု ဘောင်ချာတစ်စောင်ပင်ဖြစ်သည်။ အဆိုပါဘောင်ချာကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (သို့မဟုတ်) MAI မှ လုပ်ပိုင်ခွင့်အပ်နှင်းထားသော ကိုယ်စားလှယ်များထံမှ E-ticket ဝယ်ယူချိန်တွင် ရရှိမည်ဖြစ်သည်။

၆။ ကြိုတင်စာရင်းပေးသွင်းခြင်းနှင့် လက်မှတ်ဝယ်ယူခြင်း

သင့်အနေဖြင့် ကြိုတင်စာရင်းပေးသွင်းခြင်းနှင့် လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို MAI Website မှတဆင့် (သို့မဟုတ်) Booking ရုံးများ၊ လုပ်ပိုင်ခွင့်ပေးထားသော ကိုယ်စားလှယ်များထံတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Booking ပြုလုပ်ပြီးနောက် သတ်မှတ်ကာလအတွင်း ငွေပေးချေမှုကို ဆောင်ရွက်ပါ။ သို့မဟုတ်ပါက သင်၏ကြိုတင်စာရင်းပေးသွင်းခြင်းနှင့် ကြိုတင်ယူထားသော ထိုင်ခုံနေရာမှာ အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်သည်။

လေယာဉ်လက်မှတ်ထုတ်ပေးချိန်တွင် သင့အနေဖြင့် သင်၏တရားဝင်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊ ဗီဇာအစရှိသည်တို့ကို ပြသရန်လိုအပ်မည်ဖြစ်သည်။ လေယာဉ်လက်မှတ်ထုတ်ပေးသည့်အချိန်တွင် တင်ပြခဲ့သည့် တရားဝင်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်သည် လေယာဉ်စီးနင်းလိုက်ပါရန် စာရင်းပေးသွင်းချိန်တွင် တင်ပြမည့် နိုင်ငံကူးလက်မှတ်ဖြစ်ရမည်။

မသန်စွမ်းသော၊ ကိုယ်ဝန်ဆောင်နှင့် နာမကျန်းသောခရီးသည်များသည် လေကြောင်းခရီးသွားလာရန် သင့်လျော်ကြောင်း လိုအပ်သည့် အထောက် အထားအားလုံးကို တင်ပြရန်လိုအပ်မည်ဖြစ်သည်။ အဆိုပါ အထောက်အထားများသည် လေကြောင်းလိုင်း၏ တရားဝင် အသိအမှတ်ပြုထားသော လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် ဆရာဝန်မှ ထုတ်ပေးထားသော အထောက်အထား များဖြစ်ရမည်။

၇။ လက်မှတ်ပြင်ဆင်ပြောင်းလဲခြင်းများ

လေယာဉ်လက်မှတ် ထုတ်ပေးပြီးနောက် သင့်အနေဖြင့် သင့်လေယာဉ်ခရီးစဉ်၊ ခရီးသွားမည့်ရက် (သို့မဟုတ်) ဝန်ဆောင်မှုအဆင့် (Class) တို့ကို ပြင်ဆင်ပြောင်းလဲရန် လိုအပ်လာပါက ဖြစ်နိုင်သမျှအမြန်ဆုံး မိမိတို့ထံ အသိပေးအကြောင်းကြားပါ။ သင့်လက်မှတ်၏ ဈေးနှုန်းသတ်မှတ်ချက်များအပေါ် အခြေခံလျက် သင့်တောင်းဆိုချက်ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အကယ်၍ သင့်လက်မှတ်သည် လျှော့ဈေးနှုန်းထားဖြင့် ဝယ်ယူထားသောလက်မှတ်ဖြစ်ခဲ့ပါက သင်မူလ Booking ပြုလုပ်ခဲ့သည့် သင်လိုက်ပါလိုသော လေကြောင်းခရီးစဉ်ကဲ့သို့ တူညီသည့် လျှော့ဈေးနှုန်းထားဖြင့် လေယာဉ်ထိုင်ခုံ နေရာရရှိနိုင်မည် မဟုတ်ပေ။

အကယ်၍ ဝန်ဆောင်မှုအဆင့်အတန်း (Class) ပြောင်းလဲလိုပါက Class နှစ်ခုအကြား ဈေးနှုန်းကွာခြားမှုငွေအပြင် ပြောင်းလဲမှုဝန်ဆောင်ခကိုပါ ထပ်ဆောင်းပေးရန်လိုမည်ဖြစ်သည်။

၈။ လေယာဉ်လက်မှတ်ကြိုတင်စာရင်းပေးသွင်းခြင်းကို ထပ်မံအတည်ပြုခြင်း

အသွား (သို့မဟုတ်) အပြန်လေကြောင်းခရီးစဉ်များအတွက် လက်ရှိတည်ဆဲ ကြိုတင်စာရင်းပေး သွင်းထားမှုသည် ထပ်မံအတည်ပြုရန် လိုအပ်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင် အကယ်၍ အခြားလေကြောင်းလိုင်းများမှ ခရီးသည်အား အသွား (သို့မဟုတ်) အပြန် ကြိုတင်စာရင်းပေးသွင်းထားမှုကို ထပ်မံအတည်ပြုရန် တောင်းဆိုလာပါက ထိုသို့သော တောင်းဆိုမှုကို လိုက်လျောဆောင်ရွက်ရန် ပျက်ကွက်မှုသည် သက်ဆိုင်ရာလေကြောင်းလိုင်းများမှ အသွား (သို့မဟုတ်) အပြန် ကြိုတင်စာရင်း ပေးသွင်းထားခြင်းကို ပယ်ဖျက်နိုင်ခွင့် ရှိသွားစေမည်ဖြစ်သည်။

သင့်အနေဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများ၏ ထပ်မံအတည်ပြုပေးရန် တောင်းဆိုမှုများအပေါ် မျက်ခြေမပြတ် ဆောင်ရွက်ပေးရန် လေးနက်စွာအကြံပြုပါသည်။

၉။ လေယာဉ်ခရီးစဉ်ကူပွန်များနှင့် အစီအစဉ်တကျ အသုံးပြုခြင်း

လေယာဉ်လက်မှတ်ရှိ ခရီးသည်ကူပွန်တွင် ပုံနှိပ်ထားသည့် အစီအစဉ်အတိုင်း ခရီးစဉ်ကူပွန်များကို အသုံးပြုကြရမည်။ အစီအစဉ်တကျမဟုတ်ပဲ ခရီးသွားလာခြင်းကို ခွင့်မပြုပေ။ ခရီးသည်မှ ခရီးစဉ်ပြောင်းလဲရန်ကိစ္စ ဖြစ်ပေါ်လာခဲ့လျှင် လေကြောင်းလိုင်းအနေဖြင့် ခရီးစဉ်သစ်အပေါ်အခြေခံလျက် လေယာဉ်ခများကို တွက်ချက်ပေးသွားမည်ဖြစ်သည်။ ခရီးသည်အနေဖြင့်

ခရီးစဉ်သစ်အတွက် ကျသင့်သည့် လေယာဉ်ခစုစုပေါင်းနှင့် မူလပေးခဲ့သည့် လေယာဉ်ခအကြား ထပ်မံတိုးလာသည့်ငွေပမာဏကို ပေးသွင်းရမည်ဖြစ်ပြီး ခရီးသည်လက်မှတ်တွင် အသုံးမပြုရသေးသည့် ကူပွန်များကို ထပ်မံအသုံးပြုနိုင်ခွင့် မရှိတော့ပေ။ 

၁၀။ ကြိုတင်နေရာတောင်းဆိုမှု

အချို့သောလေယာဉ်ခရီးစဉ်များတွင် Booking ပြုလုပ်ချိန်အတွင်းနှင့် လေယာဉ်စီးနင်းလိုက်ပါရန် စာရင်းပေးသွင်းချိန်အတွင်း သင်နှစ်သက်သည့်နေရာကို ကြိုတင်တောင်းဆိုနိုင်သည်။
သို့ရာတွင် သင်တောင်းဆိုသည့် ထိုင်ခုံနေရာကို ရရှိမည်ဟု အာမမခံနိုင်ပေ။ လေယာဉ်ပေါ်သို့ တက်ရောက်ပြီး နောက်ပိုင်းတွင်ပင် ပျံသန်းရေးဆိုင်ရာ၊ ဘေးအန္တရာယ်ကင်းရှင်းရေး

(သို့မဟုတ်) လုံခြုံရေးဆိုင်ရာ အကြောင်းကိစ္စများအတွက် မလွဲမရှောင်သာ လိုအပ်လာပါက လေယာဉ်ပေါ်တွင် ထိုင်ခုံနေရာချထားခြင်းနှင့် ပြန်လည်နေရာချထားခြင်းကို အချိန်မရွေးဆောင်ရွက်ပိုင်ခွင့်ရှိသည်။

၁၁။ သယ်ယူပို့ဆောင်မှုကန့်သတ်ချက်များ

ခရီးသွားအဖော်မပါသည့် သာမန်မသန်မစွမ်းပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နာမကျန်းဖြစ်နေသူများ (သို့မဟုတ်) သယ်ယူပို့ဆောင်ရန် လက်သင့်ခံသည့် အထူးအထောက်အကူလိုအပ်သော အခြားပုဂ္ဂိုလ်များသည် မိမိတို့ MAI နှင့် ကြိုတင်ညှိနှိုင်းစီစဉ်ဆောင်ရွက်ရမည်။ MAI အနေဖြင့် မိမိတို့ထံ တိကျမှန်ကန်စွာ သတင်းပေးပို့ရန် ပျက်ကွက်သည့် (သို့မဟုတ်) လက်မှတ်ဝယ်ယူချိန်တွင် သက်ဆိုင်ရာ အထောက်အထားများ ပြသရန်ပျက်ကွက်သည့် မည်သည့်ခရီးသည်ကိုမဆို သယ်ယူပို့ဆောင်ပေးရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။ 

၁၂။ ပြန်အမ်းငွေ

လက်မှတ်ထုတ်ပေးပြီးနောက် ပြန်အမ်းငွေထုတ်ပေးရန် တောင်းဆိုလိုပါက သင့်လက်မှတ် တရားဝင်ဖြစ်နေသည့် (သက်တမ်းမကုန်မီ) ကာလအတွင်း မိမိတို့ထံ ဆက်သွယ်ပါ။

သင့်လက်မှတ်၏ လက်မှတ်ခ သတ်မှတ်ချက်များအတိုင်း သင့်တောင်းဆိုချက်ကို ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ သင်၏ ပြန်အမ်းငွေထုတ်ပေးရန် တောင်းဆိုမှုကို မူလ လေယာဉ်လက်မှတ် ထုတ်ပေးသည့်ဌာနတွင် ဆောင်ရွက်ရန်ဖြစ်ပြီး သင်၏တောင်းခံမှုကို စစ်ဆေးအတည်ပြုနိုင်ရေးအတွက် တရားဝင်ခရီးသွားလာမှု အထောက်အထားများကို တင်ပြရမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ဆောင်ရွက်ချက်ကြောင့် သင်၏ခရီးအစီအစဉ်ကို ပြောင်းလဲရမည်ဆိုပါက သင့်အနေဖြင့် ပြန်အမ်းငွေထုတ်ပေးရန် တောင်းဆိုနိုင်ပြီး သင်သည် မိမိဆန္ဒအလျောက် မဟုတ်သော ပြန်အမ်းငွေ တောင်းခံမှုအဖြစ် သတ်မှတ်ကာ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမည်မဟုတ်ပါ။

သင့်ကိုယ်ပိုင်ဆန္ဒအလျောက် ပြန်အမ်းငွေတောင်းခံလာပါက မိမိဆန္ဒအလျောက် ပြန်အမ်း ငွေတောင်းခံခြင်းအဖြစ် သတ်မှတ်ကာ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအရ ပြန်အမ်းငွေထုတ်ပေးခကို ကောက်ခံသွားမည် ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် အထူးသက်သာသော လျှော့ဈေးနှုန်းများဖြင့် ရောင်းချသည့် လေယာဉ်လက်မှတ်ကို ထုတ်ယူထားပါက သက်ဆိုင်ရာ လေယာဉ်ခ မူဝါဒများ နှင့်အညီ ပြန်အမ်းငွေ ထုတ်ပေးသွားမည် ဖြစ်သည်။

၁၃။ လေယာဉ်တက်ရန် စာရင်းပေးသွင်းခြင်း

သင့်အနေဖြင့် လေယာဉ်ဖြင့်လိုက်ပါရန် စာရင်းပေးသွင်းမှုကို လေဆိပ်ရှိလေယာဉ်တက်ရန် စာရင်းပေးသွင်းရသည့်ကောင်တာများတွင် ပြုလုပ်နိုင်ပါသည်။ သင့်အနေဖြင့် သက်ဆိုင်ရာလုပ်ရိုးလုပ်စဉ် လုပ်ငန်းဆောင်ရွက်ရန် လုံလောက်သည့်အချိန်တစ်ရပ်ရှိစေရေးအတွက် သတ်မှတ်ထားသည့် လေဆိပ်သို့ အချိန်အတိုင်း အတာတစ်ရပ် ကြိုတင်ရောက်ရှိနေရန် အလေးအနက် အကြံပြုအပ်ပါသည်။ လေဆိပ်များပေါ်တွင် မူတည်၍ လေယာဉ်တက်ရန် စာရင်းပေးသွင်းရမည့် နောက်ဆုံးအချိန် သတ်မှတ်ချက်သည် ကွဲပြားခြားနား ကြပါသည်။ ခရီးသည်များအနေဖြင့် လေယာဉ်တက်ရန် စာရင်းပေးသွင်းရမည့် နောက်ဆုံးအချိန် သတ်မှတ်ချက်မတိုင်မီ စာရင်းပေးသွင်းရန် ပျက်ကွက်ပါက လေကြောင်းလိုင်း အနေဖြင့် သင်၏ကြိုတင် စာရင်းပေးသွင်း ထားမှုကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ သင့်အနေဖြင့် လေယာဉ်တက်ရန် စာရင်းပေးသွင်းရသည့် ကောင်တာနှင့် လုံခြုံရေးစစ်ဆေး သည့်နေရာတွင် သင်၏တရားဝင် သက်သေခံကဒ်ပြားကို တင်ပြရန် လိုအပ်မည်ဖြစ်သည်။ 

၁၄။ ခရီးဆောင်အိတ်/ ပစ္စည်းအပြင် သယ်ယူခြင်းမပြုရန် တားမြစ်ထားသောပစ္စည်းများ

မီးလောင်လွယ်သော၊ ပေါက်ကွဲတတ်သော (ဥပမာ - မီးခြစ်၊ မီးခြစ်ဆံ)၊ အဆိပ်ရှိသော၊ ဓာတုဓာတ်ပြုနိုင်သောနှင့် ရေဒီယိုသတ္တိကြွ ဂုဏ်သတ္တိရှိသော အရာဝတ္ထု၊ ပစ္စည်းများသည် လေယာဉ်၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေနိုင်ပြီး ဥပဒေ၊ နည်းဥပဒေ (သို့မဟုတ်) အစိုးရအဖွဲ့စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များအရ သယ်ဆောင်ခြင်းမှ တားမြစ်ထားပါသည်။ လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်လက်နက်ပစ္စည်းများ၊ ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်း ကရိယာတန်ဆာပလာများ၊ ဒူးလေး၊ ဓားမြှောင်တို့မှာ တားမြစ်ထားသည့် ပစ္စည်းများဖြစ်ပြီး နိုင်ငံတော်မှ ကန့်သတ်ထိန်းချုပ်ထားသည့် ပစ္စည်းများဖြစ်သည်။ ပျက်စီးပုတ်သိုးလွယ်သော ပင်လယ်စာနှင့် ဒူးရင်းသီးကဲ့သို့ အနံ့ပြင်းသည့် အစိမ်း၊ အစိုပစ္စည်းများမှာ သယ်ယူရန်သင့်လျော်ခြင်းမရှိပါ။ အသေးစိတ်သိရှိရန် MAI သို့ ဆက်သွယ်စုံစမ်းပါ။ 

၁၅။ အပ်နှံပစ္စည်းအဖြစ် သယ်ယူခြင်းမပြုရန် တားမြစ်ထားသည့်ပစ္စည်းများ

လီသီယမ်ဘတ္တရီများ၊ ခရီးဆောင် လီသီယမ်ဘတ္တရီအား ဖြည့်စက်များ၊ မီးခြစ်အမျိုးမျိုး၊ မီးခြစ်တွင် ဖြည့်ရသည့်လောင်စာရည်၊ ပုတ်သိုးလွယ် ပစ္စည်းများ၊ ထိခိုက်ကျိုးပဲ့လွယ်ပစ္စည်းများ၊ ပိုမိုသိရှိနိုင်ရန် MAI သို့ ဆက်သွယ်ပါ။

၁၆။ အပ်နှံပစ္စည်းအတွင်း ထည့်သွင်းမယူသင့်သောပစ္စည်းများ

အောက်ဖော်ပြပါ ပစ္စည်းများသည် သင်၏အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းအတွင်း ထည့်သွင်း သယ်ယူခြင်း မပြုသင့်သည် ပစ္စည်းများဖြစ်ပါသည်။ ငွေ၊ လက်ဝတ်ရတနာ၊ ချက်လက်မှတ်စသည့် ငွေသားဖြင့် လဲလှယ်ထုတ်ယူနိုင်သော စာရွက်စာတမ်းများ၊ အရေးကြီး အထောက် အထားများ၊ သက်သေခံ အထောက်အထားများ၊ နိုင်ငံကူးလက်မှတ်များ၊ အဖိုးတန်သတ္တုများ၊ ပန်းချီနှင့် လက်ရေးမူအနုပညာများ၊ လက်တော့ပ်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အီလက်ထရွှန်နစ်ပစ္စည်းများ၊ နမူနာများ (သို့မဟုတ်) အခြား အဖိုးတန် ပစ္စည်းများနှင့် ပုံမှန်သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများ။

၁၇။ သယ်ယူခြင်းပြုရန် ကန့်သတ်ထားသောပစ္စည်းများ

ခေါက်ထားနိုင်သော လျှပ်စစ်ဘီး တပ်ကုလားထိုင်များ၊ အားကစားပစ္စည်း ကိရိယာ တန်ဆာပလာများ၊ လျှပ်စစ် ကိရိယာ တန်ဆာပလာများ၊ ရေခဲခြောက်နှင့် အရက်ပုလင်းများသည် သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ နှင့် ညီညွတ်ပြီး ကြိုတင်ခွင့်ပြုချက် ရရှိထားပါက သယ်ယူနိုင်သည်။

၁၈။ ခရီးဆောင်အိတ်/ ပစ္စည်းထုတ်ပိုးမှု

သင်အပ်နှံမည့် ခရီးဆောင်အိတ်/ ပစ္စည်းများကို ပုံမှန်လုပ်ငန်းဆောင်ရွက်မှု (အတင်/ အချ) ကို ခံနိုင်ရည်ရှိစေရန် သေချာစွာစနစ်တကျထုပ်ပိုးပြီး သော့ဖြင့်ပိတ်ထားရန် လေးနက်စွာအကြံပြုအပ်ပါသည်။ ထို့ပြင် ခရီးဆောင်အိတ်၏ ခံနိုင်ဝန်ထက် ပိုမိုဝန်မပိစေရန်၊ အလွန်အမင်းထုပ်ပိုးထားခြင်းမျိုး မပြုလုပ်သင့်ကြောင်း အကြံပြုပါသည်။ MAI အနေဖြင့် သတ်မှတ်ပြဌာန်းထားသည့် လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိသော မည်သည့်ခရီးဆောင်အိတ်/ ပစ္စည်းကိုမဆို သယ်ယူခြင်းမပြုရန် ငြင်းဆိုပိုင်ခွင့်ရှိပြီး ထိုသို့ သတ်မှတ်ချက်မကိုက်ညီမှုကြောင့် ပေါ်ပေါက်လာသော မည်သည့်ထိခိုက် ပျက်စီးမှုအတွက်ကိုမဆို တာဝန်ယူမည် မဟုတ်ပေ။

၁၉။ လက်ဆွဲခရီးဆောင်ပစ္စည်းခွင့်ပြုချက်

ခရီးသွားအဆင့်အတန်း ခုရေ အလေးချိန် (တစ်ခုချင်း) အရွယ်အစား
Business Class ၇ ကီလိုဂရမ် အလျား ၅၈ စင်တီမီတာ +အကျယ် ၃၄ စင်တီမီတာ +
အမြင့် ၂၃ စင်တီမီတာ (၁၁၅ စင်တီမီတာ
Economy Class ၇ ကီလိုဂရမ် အလျား ၅၈ စင်တီမီတာ +အကျယ် ၃၄ စင်တီမီတာ +
အမြင့် ၂၃ စင်တီမီတာ (၁၁၅ စင်တီမီတာ)

အထက်ပါ သတ်မှတ်ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ခရီးဆောင်အိတ်/ ပစ္စည်းများကို အပ်နှံပစ္စည်းအဖြစ် သတ်မှတ်ရမည်။

လက်ဆွဲခရီးဆောင်အိတ်တွင် ထည့်သွင်းသယ်ယူလာသော အရည်များ၊ လေဖိအားသုံးမှုတ်ဆေးဘူးများနှင့် ခေါင်းလိမ်းဆီကဲ့သို့ အဆီပျစ် (Gel) များသည် အစိုးရသတ်မှတ်ပြဌာန်းချက်များပေါ်တွင် မူတည်၍ သယ်ယူနိုင်သည်။

လက်ဆွဲခရီး ဆောင်အိတ်ရှိ အဆိုပါပစ္စည်းတစ်ခုချင်းစီသည် အများဆုံးဝင်ဆန့်နိုင်မှု ၁၀၀ မီလီလီတာသာ ရှိရမည်။ အရည်များထည့်သွင်းထားသည့် ဘူး၊ ပုလင်းစသည်တို့ကို ပြန်လည်အလုံပိတ်နိုင်သော၊ ဖောက်ထွင်းမြင်နိုင်သည့် ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးထားရမည်။ အဆိုပါ ပလပ်စတစ်အိတ်၏ စုစုပေါင်း ဝင်ဆန့်နိုင်မှုသည် ၁ လီတာထက် ကျော်လွန်ခြင်း မရှိစေရ။

၂၀။ အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများ အခမဲ့သယ်ယူမှု ခွင့်ပြုချက်

  Business Class Economy Class
လက်မှတ် သတ်မှတ်ပြီး/ အများဆုံး အခမဲ့ ခွင့်ပြုချက် (ကီလိုဂရမ်) (လူကြီး) ၃၀ ၂၀
လက်မှတ် သတ်မှတ်ပြီး/ အများဆုံး အခမဲ့ ခွင့်ပြုချက် (ကီလိုဂရမ်) (ရင်ခွင်ပိုက်ကလေး) ၁၀ ၁၀
Diamond ခံစားခွင့်ရ အဖွဲ့ဝင် (အပေါင်း ၂၀ ကီလိုဂရမ်) ၅၀ ၄၀
Ruby ခံစားခွင့်ရ အဖွဲ့ဝင် (အပေါင်း ၁၀ ကီလိုဂရမ်) ၄၀ ၃၀

 

ဘီးတပ်ကုလားထိုင်၊ ချိုင်းထောက် (သို့မဟုတ်) အခြားလမ်းလျှောက်အထောက်အကူပြုကိရိယာများဖြင့် ခရီးသွားလာရပါက အဆိုပါ ကိရိယာများအား အခမဲ့သယ်ယူခွင့်ပြုမည်ဖြစ်သည်။

ခွင့်ပြုအလေးချိန်ထက်ပိုမိုသော ဝန်ပိုမှုအတွက် အောက်ပါအတိုင်း ကောက်ခံသွားမည်ဖြစ်သည် -

  • Economy အဆင့် ခရီးသည်၏ ခရီးဆောင်အိတ်/ ပစ္စည်း ၂၀ ကီလိုဂရမ် အလေးချိန်ကျော်လွန်သည့်အခါ
  • Business အဆင့် ခရီးသည်၏ ခရီးဆောင်အိတ်/ ပစ္စည်း ၃၀ ကီလိုဂရမ် အလေးချိန်ကျော်လွန်သည့်အခါ

၂၁။ လုံခြုံရေးစစ်ဆေးမှု

အစိုးရသတ်မှတ်ပြဌာန်းချက်များအရ လေယာဉ်ပေါ်သို့တက်ရောက်ခြင်းမပြုမီ သင်နှင့် သင်၏အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများ၊ လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများကို လုံခြုံရေးစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

၂၂။ လေယာဉ်ခရီးစဉ်ပြောင်းလဲခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်း

အစိုးရညွှန်ကြားချက်များ၊ နိုင်ငံတော်ဥပဒေများကို လေးစားလိုက်နာသောအားဖြင့်သော် လည်းကောင်း၊ လေယာဉ်ခရီးစဉ် ဘေးအန္တရာယ်ကင်းရှင်းရေးအလို့ငှာ လည်းကောင်း၊ မထိန်းချုပ်မတားဆီးနိုင်သော (သို့မဟုတ်) ကြိုတင်မျှော်မှန်းမသိရှိနိုင်သော အကြောင်းများကြောင့်သော် လည်းကောင်း၊ မိမိတို့ MAI အနေဖြင့် လေယာဉ်အမျိုးအစား (သို့မဟုတ်) လေယာဉ်လမ်းကြောင်းကို ပြောင်းလဲခြင်း၊ မည်သည့် လေကြောင်း ခရီးစဉ်ကိုမဆို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း (သို့မဟုတ်) အချိန်ရွှေ့ဆိုင်းခြင်းတို့ကို ကြိုတင် အသိပေး အကြောင်းကြားခြင်း မပြုပဲ ဆောင်ရွက်မည်ဖြစ်သည်။

၂၃။ လေယာဉ်ခရီးစဉ်နှောင့်နှေးကြန့်ကြာမှုအပေါ် ကူညီထောက်ပံ့မှု

လေယာဉ်များ နေရာချထားခြင်း၊ လေယာဉ်အဖွဲ့သားများ တာဝန်အဆိုင်းပြင်ဆင်ခြင်း၊ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အခြားသော စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ စသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဘက်မှ ဆောင်ရွက်ချက်ကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးကြန့်ကြာခြင်း (သို့မဟုတ်) ဖျက်သိမ်းရပါက လေယာဉ်ခရီးစဉ်အခြေအနေကို အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက အစားအသောက်များ၊ ဟိုတယ်နေရာ ထိုင်ခင်းများနှင့် အခြားဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ လေကြောင်းသွားလာမှုထိန်းသိမ်းရေးဌာန၊ ရာသီဥတု၊ အရေးပေါ်အခြေအနေများနှင့် အခြားအကြောင်းအရာများ သို့မဟုတ် ခရီးသည်တစ်ဦးတစ်ယောက်ကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြသာနာတစ်စုံတစ်ရာဖြစ်ပေါ်မှု စသည့်အကြောင်းများကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးကြန့်ကြာခြင်း (သို့မဟုတ်) ဖျက်သိမ်းရခြင်း အခြေအနေများတွင် လေကြောင်းခရီးစဉ်နှင့် စပ်လျဉ်း၍ အချိန်နှင့်တပြေးညီ အသိပေးအကြောင်းကြားသွားမည်ဖြစ်သည့်ပြင် ခရီးသည်များအတွက် အစားအသောက်နှင့် ဟိုတယ်နေရာထိုင်ခင်းများ ကူညီစီစဉ်ပေးသွားမည်ဖြစ်ပါသည်။ သို့ရာတွင် သက်ဆိုင်ရာကုန်ကျစရိတ်များကိုမူ ခရီးသည်များက ပေးချေကြရမည်ဖြစ်ပါသည်။

၂၄။ ပျက်စီးချွတ်ယွင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာသည့် ခရီးဆောင်အိတ်များ

ပျက်စီးချွတ်ယွင်းနေသည့် ခရီးဆောင်အိတ်/ ပစ္စည်းများအတွက် ခရီးဆောင်အိတ်/ ပစ္စည်း ပျက်စီးချွတ်ယွင်းမှု အစီရင်ခံစာကို မိမိတို့ MAI ဝန်ထမ်းမှ ပုံစံဖြည့်စွက်တင်ပြရမည်ဖြစ်သည်။ အကယ်၍ ခရီးသည်အနေဖြင့် ဆိုက်ရောက်ပြီးချက်ချင်း (အပ်နှံပစ္စည်း ပြန်လည်ရွေးယူသည့် နေရာတွင်) ပျက်စီး ချွတ်ယွင်းမှုကို သတင်းပေးပို့ပါက သတင်းပို့သည့် ခရီးသည်အား အစီရင်ခံ စာမိတ္တူတစ်စောင် ထုတ်ပေးမည်ဖြစ်ပြီး ခရီးသည်အနေဖြင့် သက်ဆိုင်ရာ လေကြောင်းခရီးစဉ် အတွက် တရားဝင်လက်မှတ်ကူပွန် (သို့မဟုတ်) မှတ်တမ်းတင် ထားသည့် ခရီးသည်အမည်လိပ်စာ (သို့မဟုတ်) E-ticket နံပါတ် (E-ticket ဖြင့် ခရီးသည်များ) များကို တရားဝင်တောင်းဆိုမှုကတ်ပြားနှင့်အတူ တင်ပြပေးရန်လိုအပ်မည်ဖြစ်သည်။

ခရီးဆောင်အိတ်/ ပစ္စည်းပျက်စီးချွတ်ယွင်းမှု အစီရင်ခံစာကို ဖြည့်စွက်တင်ပြခြင်းမရှိသေးပါက ခရီးဆောင်အိတ်/ ပစ္စည်းရှိ ချိတ်ဆွဲထားသော Baggage Tag နှင့် (သို့မဟုတ်) တောင်းခံမှုကတ်ပြား (Claim Tag) တွင် ခရီးဆောင်အိတ်/ ပစ္စည်းကို “ပျက်စီးချို့ယွင်းပြီး လက်ခံရရှိသည်” (သို့မဟုတ်) “မသင့်လျော်သော ထုပ်ပိုးထားမှု” ပစ္စည်းစစ်ဆေး တွေ့ရှိချက်စသည့် ကန့်သတ်ထုတ် ပေးထားသော အခြေအနေများဖြင့် ခရီးသည်မှ လက်ခံထားကြောင်း ဖော်ပြထားရမည်။

အမှန်တကယ် ထိခိုက်ပျက်စီးမှုအပေါ်အခြေခံကာ နစ်နာမှုလျော်ကြေးကို တွက်ချက်ပေးမည်ဖြစ်သည်။ သို့ရာတွင် အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများတွင် ထည့်သွင်းတင်ဆောင်ခြင်းပြုရန် ခွင့်မပြုထားသော အလွယ်တကူ ကွဲပျက်ကျိုးပဲ့နိုင်သော (သို့မဟုတ်) ပုတ်သိုးလွယ်သောပစ္စည်းများ၊ ငွေကြေး၊ လက်ဝတ်ရတနာ၊ အဖိုးတန်သတ္တုများ၊ ကွန်ပြူတာများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလျှပ်စစ်ပစ္စည်းကိရိယာများ၊ ငွေကြေးနှင့် လဲလှယ်နိုင်သော စာရွက်စာတမ်းများ (ဥပမာ - ချက်လက်မှတ်)၊ အစုရှယ်ယာလက်မှတ်များ သို့မဟုတ် အခြားတန်ဖိုးရှိ လုပ်ငန်းဆိုင်ရာ

စာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်နှင့် အခြားသက်သေခံ အထောက်အထားများ၊ စာချုပ်စာတမ်း သို့မဟုတ် နမူနာများနှင့် ဤစာရင်းတွင် မပါဝင်သော်လည်း ထည့်သွင်းယူဆောင်ခြင်းမပြုရန် ကန့်သတ်ထားသော အခြားပစ္စည်းများကဲ့သို့ တန်ဖိုးတစ်ရပ်ရပ်ရှိသည့် အရာဝတ္တုပစ္စည်းများ၏ မည်သို့သော ပျက်စီးထိခိုက်ဆုံးရှုံးမှုများအတွက်မူ မိမိတို့ MAI အနေဖြင့် တာဝန်ရှိမည်မဟုတ်ပေ။

နှောင့်နှေးကြန့်ကြာခဲ့မှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များ (ရှေးဦးစွာ ကုန်ကျစရိတ်လိုအပ်ချက်ရှိရမည်) အတွက်နှင့်/ (သို့မဟုတ်) ပျောက်ဆုံး (ပြန်လည်အစားပေးရမည့်) ခရီးဆောင်အိတ်/ ပစ္စည်းအတွက် တောင်းခံမှုအားလုံးကို စာဖြင့်ရေးသားရမည်ဖြစ်ပြီး မိမိတို့ MAI ရုံးသို့ ပေးပို့ရမည်။

  • ကုန်ကျစရိတ်များအား အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI မှ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း ခရီးသည်များအား အသိပေးအပ်ပါသည်။
  • ခရီးသည်များအနေဖြင့် ခရီးသည်ကူပွန်၊ ခရီးသွားလာကြောင်းအထောက်အထားနှင့် (သို့မဟုတ်) အတည်ပြုသည့်မှတ်စုတို့ကို (တောင်းခံစာပေးပို့ရာတွင်) အတူထည့်သွင်းပေးနိုင်ပါသည်။
  • တောင်းခံမှုကတ်နှင့် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ်များအတွက် ပြေစာဖြတ်ပိုင်း ပူးတွဲပါရှိရမည်ဖြစ်သည်။

အပ်နှံခရီးဆောင်အိတ်/ ပစ္စည်း အမှန်တကယ်ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပါက အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၊ အထွေထွေစည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် (The Hague) သဘောတူစာချုပ်၊ (Warsaw) ကွန်းဗင်းရှင်း (ဝါဆော ညီလာခံ) ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များတွင် သတ်မှတ်ပြဌာန်းထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းမှ တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ခရီးသည်များအား အသိပေးအပ်ပါသည်။ တောင်းဆိုချက်အားလုံးကို စာဖြင့်ရေးသား တင်ပြရမည်ဖြစ်သည်။

လေယာဉ်ပေါ်တွင်ကျန်ရစ်ခဲ့သည့် လက်ဆွဲခရီးဆောင်အိတ်မှ ပစ္စည်းများအတွက် မည်သည့်ပျောက်ဆုံး (သို့မဟုတ်) ထိခိုက်ပျက်စီးမှုအတွက်မဆို မိမိတို့ MAI အနေဖြင့် တာဝန်ယူမည်မဟုတ်ပေ။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းအနေဖြင့် အဆိုပါပစ္စည်းများကို အမှန်တကယ်ပိုင်ဆိုင်သူများထံ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ အကယ်၍ ထိုသို့သောပစ္စည်းများကို လေဆိပ်တွင်တွေ့ရှိပါက ၎င်းတို့ကို လုံခြုံစွာထိန်း သိမ်းထားရှိမည်ဖြစ်သည်။ တောင်းဆိုမှုပေါ်တွင် မူတည်၍ အဆိုပါပစ္စည်းများကို

သက်ဆိုင်ရာခရီးသည်ထံသို့ (ခရီးသည်၏ကုန်ကျစရိတ်ဖြင့်) ပြန်လည်ပေးပို့သွားမည်ဖြစ်သည်။ တန်ဖိုးရှိပစ္စည်းများအတွက် အမှန်တကယ် ပိုင်ဆိုင်ကြောင်း အတည်ပြုချက်ကိုလိုအပ်ပြီး ခရီးသည်အနေဖြင့် ပစ္စည်းပြန်လည်လက်ခံ ရရှိမှုအတွက် လက်မှတ်ရေးထိုး ပေးရမည်ဖြစ်သည်။

၂၅။ အထူးအထောက်အကူပံ့ပိုးမှုများ

ဘီးတပ်ကုလားထိုင်

သင်၏လေကြောင်း ခရီးစဉ်များတွင် ဘီးတပ်ကုလားထိုင် တစ်လုံး လိုအပ်မည်ဆိုပါက မိမိတို့ Reservation အဖွဲ့သို့ ခေါ်ဆိုလိုက်ပါ။ ၎င်းတို့အနေဖြင့် နောက်ထပ်သတင်း အချက်အလက်များ နှင့်အတူ သင့်ကိုဝမ်းမြောက်ဝမ်းသာ ကူညီပေးသွားမည်ဖြစ်ပြီး သင်၏ ကြိုတင်နေရာတောင်းခံခြင်းအတွက် လိုအပ်သည့် သတင်းအချက်အလက်များ ကိုပါ ဖြည့်စွက် ပြောကြားပေးမည်ဖြစ်သည်။

Children Travelling Alone

ကလေးငယ်များအဖော်မပါပဲ ခရီးသွားလာခြင်း တွေ့ဆုံအကူအညီယူဝန်ဆောင်မှု: မိမိတို့အနေဖြင့် မိဘများ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများ၏ မေတ္တာရပ်ခံချက်အရ အောက်ဖော်ပြပါ ခရီးသည်များအတွက် အဖော် (အစောင့်အရှောက်) တစ်ဦး ပေးနိုင်ပါသည် -

  • ခရီးသွားဖော်မပါသည့် ငယ်ရွယ်သူများ - အသက် ၆ နှစ်မှ ၁၂ နှစ်အထိ/ ကြား
  • ငယ်ရွယ်သည့်ခရီးသည်များ - အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ/ ကြား
  • အသက် ၃ နှစ် (သို့မဟုတ်) ၄ နှစ်အရွယ် ကလေးငယ်များအား အခြား အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားရှိသည့် အခြားခရီးသည်နှင့်အတူ သွားလာခြင်း၊ အဆိုပါကလေးနှစ်ဦးလုံးအတွက် ခရီးသွားဖော်မပါသည့် ငယ်ရွယ်သူများ လုပ်ထုံးလုပ်နည်း အတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။

မိခင်လောင်း (ကိုယ်ဝန်ဆောင်ခရီးသည်)

ကိုယ်ဝန်ဆောင်ထားသည့် (ကိုယ်ဝန်မည်မျှ ရက်သတ္တပတ်ရှိစေကာမူ) မိခင်လောင်းအနေဖြင့် ကုမ္မဏီဆရာဝန် (သို့မဟုတ်) လက်မှတ်ရဆရာဝန်တစ်ယောက်၏ ခရီးသွားလာနိုင်ကြောင်းထောက်ခံချက် လိုအပ်မည်ဖြစ်သည်။ ကိုယ်ဝန်ရက်သတ္တပတ် ၃၅ ပတ်နှင့် ၃၆ ပတ်ကြားရှိ မိခင်လောင်းသည် ဆရာဝန်တစ်ဦး (သို့မဟုတ်) လက်မှတ်ရသူနာပြုတစ်ဦး အဖော်အဖြစ် လိုက်ပါရမည်ဖြစ်သည်။ ကိုယ်ဝန် ၃၆ ပတ် နောက်ပိုင်းရှိ မိခင်လောင်းများ၏ ခရီးသွားလာမှုကို လက်မခံ၊ ခွင့်မပြုပေ။

၂၆။ ခရီးသွားလာမှုလိုအပ်ချက်များဆိုင်ရာ အထောက်အကူပေး အကြံပြုချက်

အချို့နေရာဒေသများသို့ သွားရောက်ရန် ပြည်ဝင်ခွင့်ဗီဇာ လိုအပ်မည်ဖြစ်ပါသည်။ အဆိုပါ ဗီဇာရရှိရေးမှာ သင်၏ တာဝန်လုံးလုံးလျားလျားပင်ဖြစ်သည်။ လေယာဉ်လက်မှတ်ဝယ်ယူခြင်းမပြုမီ သင်ခရီးသွားရောက်မည့် နိုင်ငံများ၏ ပြည်ဝင်၊ ပြည်ထွက်နှင့် ခေတ္တအကူးအပြောင်း (ဖြတ်သန်းခြင်း) ဆိုင်ရာ ဥပဒေစည်းမျဉ်းနှင့် သတ်မှတ်ပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများကို အပြည့်အဝ သိရှိနားလည်ထားသင့်သည့်ပြင် အခြားအရေးပါသည့် ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍လည်း လေ့လာထားရှိသင့်သည်။ သင့်ခရီးစဉ်ကာလအတွင်း တရားဝင်သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ်တစ်စောင် ရှိရမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးရက်မှာ သင်ဝင်ရောက်မည့်နိုင်ငံအားလုံးမှ လက်သင့်ခံနိုင်ရမည်ဖြစ်သည်။ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိုမိုပြည့်စုံသည့် သတင်းအချက်အလက်များကို သင်သွားရောက်မည့်နိုင်ငံ (သို့မဟုတ်) နိုင်ငံများ၏ သံရုံးများတွင် ရရှိနိုင်မည်ဖြစ်သည်။ ခရီးသွားလာစဉ်ကာလအတွင်း လိုအပ်သည့်တရားဝင်ခရီးသွားလာရေး အထောက်အထားများ (နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာကဲ့သို့) အားလုံးယူဆောင်သွားရန် သေချာအောင်ပြုလုပ်ပါ။ ထို့ပြင် သင်သွားရောက်မည့်နိုင်ငံ၏ ပြည်ဝင်၊ ပြည်ထွက်နှင့် ခေတ္တအကူးအပြောင်း ဖြတ်သန်းခြင်းဆိုင်ရာ လိုအပ်ချက်များနှင့် အခြားစည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါ။ အကယ်၍ သင့်အနေဖြင့် လိုအပ်သည့်အထောက်အထားများ (သို့မဟုတ်) တရားဝင်ခရီးသွားလာရေး အထောက်အထားများကို တင်ပြခြင်းမပြုနိုင်ပါက ပြည်ဝင် (သို့မဟုတ်) ပြည်ထွက် အငြင်းပယ်ခံရပြီး သင်၏ခရီးစဉ် အဆုံးသတ်သွားမည်ဖြစ်သည့်ပြင် တရားဝင်အထောက်အထား မတင်ပြနိုင်မှုကြောင့် ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးမှုအားလုံးနှင့် အကျိုးဆက်တစ်စုံတစ်ရာအတွက် သင်တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သည်။