၁။ ကျွန်ုပ် ယနေ့ခရီးသွားလိုပါက ဘာလုပ်သင့်ပါသလဲ။

လေကြောင်းခရီးစဉ်တစ်ခု ရှိ၊ မရှိ သိနိုင်ရန် ပထမဆုံး ကျွန်ုပ်တို့လေကြောင်းခရီးစဉ်အချိန်ဇယားများကို ကြည့်ရှုစစ်ဆေးလိုက်ပါ၊ ထို့နောက် ထိုင်ခုံနေရာရရှိနိုင်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ကျွန်ုပ်တို့၏ လက်မှတ်အရောင်းဌာနသို့ ခေါ်ဆိုလိုက်ပါ။ လေယာဉ်လက်မှတ်များကို ဒေသဆိုင်ရာခရီးသွားကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ တရားဝင်ကမ္ဘာလှည့်ခရီးသွား (သို့မဟုတ်) လုပ်ငန်းဆိုင်ရာ ဗီဇာမပါရှိပဲနှင့် ဝင်ရောက်ရန်မဖြစ်နိုင်ပါ။ သို့ရာတွင် ဗီဇာလျှောက်ထားမှုဆောင်ရွက်ရန် ရက်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ပါသည်။ သင့်အနေဖြင့် အီလက်ထရွှန်နစ်ဗီဇာတစ်ခုကို www.visa.gov.mm တွင် online မှတဆင့် (သို့မဟုတ်) သင်နေထိုင်ရာဒေသရှိ မြန်မာသံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးများတွင် လျှောက်ထားနိုင်ပါသည်။ ဗီဇာများနှင့်စပ်လျဉ်း၍ ပိုမိုလေ့လာထားပါ။

နောက်ဆုံး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၏ စာရင်းကိုသိရှိရန် ကျွန်ုပ်တို့၏ Useful link စာမျက်နှာကို ဝင်ရောက်ကြည့်ရှုပါ။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းနှင့် စပ်လျဉ်း၍ နားလည်မှုလွဲမှားနေသည့် အချက်တစ်ရပ်မှာ ခရီးထွက်ခွာခြင်းမပြုမီ Tour package တစ်ခု ဝယ်ယူရမည်ဆိုခြင်းနှင့် လေဆိပ်ရောက်ရှိသည်နှင့် အမေရိကန်ဒေါ်လာ ၂၀၀ -၃၀၀ ကို နိုင်ငံခြားငွေလဲလှယ်မှုငွေကြေး (Foreign Exchange Currency) နှင့် လဲလှယ်ရသည်ဆိုခြင်းပင်ဖြစ်သည်။ ထိုကိစ္စမျိုးမရှိတော့ပေ။ သင့်အနေဖြင့် သင့်ကိုယ်ပိုင်ခရီးစီစဉ်မှုကို လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်သည်။ ထို့ပြင် သင့်အနေဖြင့် မည်သည့်ငွေကြေးကိုမျှ လဲလှယ်ရန်မလိုအပ်တော့ပေ။

၂။ လေယာဉ်လက်မှတ်များ ဘိုကင်တင်ရန် မည်သည်က အမြန်ဆုံးနည်းလမ်းဖြစ်ပါသလဲ။

မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ Website မှတဆင့် Online ဖြင့် လေယာဉ်လက်မှတ်များ ရောင်းချပေးပါသည်။ ထိုနည်းမှာ လေယာဉ်လက်မှတ်တစ်စောင်ဝယ်ယူရန် အလျင်မြန်ဆုံးနည်းလမ်းဖြစ်ပြီး သင်၏ဒေသခံခရီးသွားကိုယ်စားလှယ်ထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည် သို့မဟုတ် ကျွန်ုပ်တို့၏ MAI ရုံးခွဲတစ်ခုသို့ ဆက်သွယ်လိုက်ပါ။

၃။ ကျွန်ုပ်အနေဖြင့် လေယာဉ်ခရီးစဉ်သာ ကြိုတင်နေရာယူပြီး မြန်မာနိုင်ငံရောက်ရှိချိန်တွင်မှ ဟိုတယ်နေရာရရှိနိုင်ပါသလား။

ရရှိနိုင်ပါသည်။ သင့်အနေဖြင့် ကမ္ဘာလှည့်ခရီးသွားဗီဇာတစ်ခုကို ရရှိလျှင်ရရှိခြင်းဆိုသလို သင်၏ကိုယ်ပိုင်ခရီးစဉ်နှင့် တည်းခိုရန်နေရာထိုင်ခင်း စီစဉ်မှုများကို မြန်မာနိုင်ငံရောက်ရှိသည်နှင့် ဆောင်ရွက်ရန်အခွင့်သာသွားပြီဖြစ်သည်။ လေဆိပ်ဆိုက်ရောက်ဧရိယာတွင် ကောင်တာတစ်ခုရှိပြီး ၎င်းကောင်တာတွင် သင့်တည်းခိုမှုအတွက် ကူညီစီစဉ်ပေးမည်ဖြစ်သည်။ သို့ရာတွင် သင်နှစ်သက်ရွေးချယ်ရာ ဟိုတယ်တွင် အခန်းတစ်ခန်းရရှိရန် ကြိုတင်စာရင်းပေးသွင်းထားခြင်းက ပိုမိုအဆင်ပြေစေနိုင်မည်ဖြစ်သည်။

၄။ အခြားလေကြောင်းလိုင်းများနှင့် နှိုင်းယှဉ်လျှင် သင့်လက်မှတ်ဈေးနှုန်းက မည်သို့ရှိပါသလဲ။

ကျွန်ုပ်တို့ဈေးနှုန်းများမှာ ကျွန်ုပ်တို့၏အဓိကပြိုင်ဖက်များထက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား အမှန်တကယ် လျော့နည်းပါသည်။ ခရီးသွားကိုယ်စားလှယ်တစ်ဦးဦးနှင့် စစ်ဆေးကြည့်ပါ။

၅။ Code share သဘောတူညီချက်ဆိုတာဘာလဲ။

Code share (အကျိုးတူပူးပေါင်းပျံသန်းပြေးဆွဲသော) သဘောတူညီချက်မှာ သဘောတူညီချက်တွင်ပါဝင်သည့် လေကြောင်းလိုင်းတိုင်းအား အခြားလေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ်များပေါ်တွင် ထိုင်ခုံနေရာများရောင်းချရန် ခွင့်ပြုပေးထားခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI နှင့် Jetstar အကြား သဘောတူညီချက်သည် လေကြောင်းလိုင်းနှင့် ချိတ်ဆက်နိုင်မှု အခွင့်အလမ်းနှင့် ပျံသန်းမှုခေါက်ရေ တိုးပွားလာစေလျက်ရှိပြီး ကျွန်ုပ်တို့၏ လေကြောင်းကွန်ယက် နှစ်ခုလုံးသို့ ဝင်ရောက်ကြည့်ရှုရန် ကမ်းလှမ်းအပ်ပါသည်။ အကျိုးတူပူးပေါင်းပျံသန်းသည့် Code share လေကြောင်းခရီးစဉ်တစ်ခုအတွက် သင်္ကေတအမှတ်အသား (Code) နှစ်ခုရှိမည်ဖြစ်သည်။ သင်၏လက်မှတ်ပေါ်တွင် မြင်ရသည့်အတိုင်း MAI နံပါတ် (Code number) နှင့် ပျံသန်းပြေးဆွဲပေးသည့် လေကြောင်းလိုင်း၏နံပါတ် (Code number) တို့ဖြစ်သည်။ 

၆။ ခရီးဆောင်အိတ်/ ပစ္စည်း မည်မျှစာရင်းသွင်း အပ်နှံနိုင်ပါသလဲ။

ကျွန်ုပ်တို့အနေဖြင့် ယခုလောလောဆယ်တွင် ပထမတန်း (Business class) ဖြင့် စီးနင်းလိုက်ပါပါက ခရီးဆောင်အိတ်/ ပစ္စည်း ၄၀ ကီလိုဂရမ်အထိလည်းကောင်း၊ ရိုးရိုးတန်း (Economy class) ဖြင့် စီးနင်းလိုက်ပါပါက ၃၀ ကီလိုဂရမ်အထိလည်းကောင်း ခွင့်ပြုပေးပါသည်။ 

၇။ ခရီးဆောင်အိတ်/ ပစ္စည်းမည်မျှကို လေယာဉ်ပေါ်သို့ ယူဆောင်သွားနိုင်ပါသလဲ။

အခြားလေကြောင်းလိုင်းအများစုနည်းတူ ထုထည်ပမာဏအများဆုံး ၅၈ စင်တီမီတာ x ၃၄ စင်တီမီတာ x ၂၃ စင်တီမီတာ (အလျား x အနံ x အမြင့်) ထက်မပိုသော လက်ဆွဲခရီးဆောင်ပစ္စည်းတစ်ခုကို ယူဆောင်ခွင့်ပြုပါသည်။ ထို့ပြင် အလေးချိန်အားဖြင့် ၇ ကီလိုဂရမ်ထက်မပိုရပါ။ အဆိုပါပစ္စည်းမှာ သင့်ထိုင်ခုံအောက် (သို့မဟုတ်) ခေါင်းပေါ်ဖက်ပစ္စည်းတင်စင်အကန့်တွင် အလွယ်တကူထားရှိနိုင်မည်ဖြစ်သည်။ 

၈။ လေယာဉ်ပေါ်တွင် မည်သည့်ပစ္စည်းမျိုးကို တင်ဆောင်ခွင့်ပြုပါသလဲ။

မိမိတို့လေကြောင်းခရီးစဉ်များသည် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ပုံမှန်တားမြစ်ထားသော ပစ္စည်းများအပြင် ချွန်ထက်သောအရာဝတ္တုများကို လေယာဉ်ပေါ်သို့ ယူဆောင်လာခွင့်မပြုပါ။ အဆိုပါ ပစ္စည်းများတွင် လက်သဲညှပ်၊ ကပ်ကြေး၊ သင်တုန်းဓား (သို့မဟုတ်) အန္တရာယ်ရှိသည်ဟုယူဆရသော အခြားအရာဝတ္တုများ ပါဝင်ပါသည်။ 

တားမြစ်ထားသည့်ပစ္စည်းများ -

မီးရှူးမီးပန်း - အချက်ပြမီးကျည်၊ မီးပန်း (သို့မဟုတ်) အခြားပေါက်ကွဲပစ္စည်းများ

မီးလောင်နိုင်သောအရည်များ (သို့မဟုတ်) အခဲများ - လောင်စာဆီ၊ သုတ်ဆေး၊ ဓာတ်ငွေ့မီးတုတ် (အငယ်စားမီးရှူးမီးတိုင်၊ လက်နှိပ်ဓာတ်မီး၊ မီးတုတ်မီးညှိကိရိယာအပါအဝင်)

အိမ်ထောင်ပစ္စည်းများ - အရောင်ချွတ်ဆေး၊ ကော်ရည်၊ ပိုးမွှားသတ်ဆေးများ၊ ရေမြောင်းသန့်စင်ဆေးနှင့် ချေးချွတ်ဆေးရည်

ဖိအားကြောင့်ပန်းထွက်နိုင်သည့် ဘူး/ ပုလင်းများ - ဖြန်းဆေး/ မှုတ်ဆေးဘူးများ၊ ဓာတ်ငွေ့ရည် (ဗျူတိန်း)၊ လောင်စာဆီ၊ ဓာတ်ငွေ့ (အောက်ဆီဂျင်) ဘူး (ရေငုတ်အသက်ရှုကိရိယာတွင် အသုံးပြုရန်)၊ ပရိုပိန်း (ဓာတ်ငွေ့) ဘူး၊ ကာဗွန်ဒိုင်အောက်ဆိုက် ကျည်တောင့်၊ ကိုယ်တိုင်လေဖြည့်နိုင်သည့်ရာဘာဖောင်များ

လက်နက်များ - သေနတ်၊ ကျည်တောင့်၊ ယမ်းမှုန့်၊ ဆူးချွန်ပါတင်းပုတ်၊ မျက်ရည်ယိုဓာတ်ငွေ့ (သို့မဟုတ်) ငရုတ်ကောင်းမှုတ်ဆေးဘူး

အခြားဘေးအန္တရာယ်ရှိပစ္စည်းများ - ရေခဲခြောက်၊ ဂတ်ဆိုလင်း (ဓာတ်ဆီ) စွမ်းအားသုံးကိရိယာများ၊ ဘတ္တရီ (အစို)၊ လောင်စာဆီနှင့် စခန်းချပစ္စည်းများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ (အရေအတွက်အကန့်အသတ်ဖြင့် ခွင့်ပြုချက်မှအပ)၊ အဆိပ်များ၊ ရောဂါပိုးကူးစက်စေနိုင်သောအရာများ
အခြားအထွေထွေပစ္စည်းများ - (ဤပစ္စည်းများကို အပ်နှံပစ္စည်းအဖြစ် စာရင်းပေးသွင်းနိုင်သော်လည်း လေယာဉ်ပေါ်သို့ လက်ဆွဲပစ္စည်းအဖြစ် သယ်ဆောင်ခွင့်မပြု) ဓားများ (မည်သည့်အလျားမဆို)၊ (ထိပ်လုံးထောပတ်လှီးဓားနှင့် ပလတ်စတစ်စားပွဲတင်ဓားမှအပ) ဖြတ်တောက်သည့်မည်သည့်အမျိုးအစားပစ္စည်း၊ ကိရိယာမဆို ကော်ဇောဖြတ်ဓား၊ ဘူးဖောက်တံနှင့် ခေါက်နိုင်/ ဆန့်နိုင်သောဓားသွားများ (အရှည်မည်မျှဖြစ်စေ)၊ ရေခဲစူး၊ သင်တုန်းဓားအဖြောင့် (အန္တရာယ်ကင်းပြီး တစ်ခါသုံးဓားများကို ခွင့်ပြုသည်) နှင့် ကတ်ကြေးများ (သတ္တု၊ အသွားဦးချွန်ဖြင့်) တို့ဖြစ်သည်။

၉။ လေယာဉ်ပေါ်တွင် အစားအစာနှင့်သောက်စရာများ တည်ခင်းပေးပါသလား။

မြန်မာတို့ရဲ့ ဖြူစင်ရိုးသားသော ဧည့်ဝတ်ကြေပွန်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျွန်ုပ်တို့စီစဉ်ပေးသည့် အဆင့်မြင့်အရည်အသွေးရှိ လေယာဉ်ပျံသန်းစဉ် ဝန်ဆောင်မှုအတွက် ကျွန်ုပ်တို့ဂုဏ်ယူနေကြပါသည်။ အတိုဆုံးလေကြောင်းခရီးစဉ် ဖြစ်စေကာမူ ကျွန်ုပ်တို့အနေဖြင့် အစားအစာတည်ခင်းမှုကို အပြည့်အဝပေးဆောင်သွားမည်ဖြစ်ပါသည်။ 

၁၀။ မည်သည့်လေယာဉ်အမျိုးအစားဖြင့် ပျံသန်းပြေးဆွဲနေပါသလဲ။

ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးနှင့် ခေတ်အမီဆုံးလေယာဉ်များဖြစ်သည့် Airbus A320 နှင့် Airbus A321 လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး လေကြောင်းခရီးစဉ် ဘေးအန္တရာယ်ကင်းရှင်းရေး တိုးမြင့်လာစေရေးအတွက် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုလျက်ရှိပါသည်။ 

၁၁။ မကြာခဏလေယာဉ်စီးနင်းသူများအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ပေးထားပါသလား။

ဆောင်ရွက်ပေးထားပါသည်။ ကျွန်ုပ်တို့တွင် MAI Sky Smile Privileged Member Program အစီအစဉ်တစ်ရပ် ဆောင်ရွက်ထားပြီး အဆိုပါအစီအစဉ်တွင် မိမိတို့ကို အစဉ်အမြဲအားပေးနေသော ဖောက်သည်ခရီးသည်များအားလုံးအတွက် ကြီးမားသည့်အကျိုးခံစားခွင့်များကို ယခုအခါပေးအပ်လျက် ရှိပါသည်။ ဤနေရာတွင် သင့်အနေဖြင့် စစ်ဆေးနိုင်ပါသည်။ 

၁၂။ ကျွန်ုပ်သည် စိုးရိမ်ထိတ်လန့်တတ်သည့် လေယာဉ်စီးခရီးသည်တစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်၏ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရေးအတွက် ပူပင်သောကဖြေလျော့ပေးနိုင်ရန် ကျွန်ုပ်ကို သင်ဘာအားပေးစကား ပြောနိုင်ပါသလဲ။

သင်၏ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရေးသည် ကျွန်ုပ်တို့၏ အမြင့်ဆုံးဦးစားပေးဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများအားလုံး၏ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရေးကို သေချာအောင်စီစဉ်ဆောင်ရွက်ထားကြောင်း လုံးဝအာမခံပါသည်။ ကျွန်ုပ်တို့ရဲ့လေယာဉ်မှူးများသည် ကမ္ဘာ့ထိပ်တန်းဦးဆောင်လေကြောင်းလိုင်းများမှ အမြင့်ဆုံးအဆင့်ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများရရှိထားကြသည့် နိုင်ငံခြားပြန်များဖြစ်ကြပါသည်။ လေယာဉ်အဖွဲ့သားများအားလုံးသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေး လေ့ကျင့်သင်တန်းမှ အမြင့်ဆုံးသတ်မှတ်ချက် ရရှိထားသူများဖြစ်ပါသည်။ သတ်မှတ်ထားသည့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအားလုံးကိုလည်း သတ်မှတ်ထားသည့်အချိန်အလိုက် ဆောင်ရွက်လျက်ရှိရာ စင်္ကာပူအခြေစိုက် လေးစားဖွယ်ကုမ္မဏီတစ်ခုမှ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် နိုင်ငံတကာအတွေ့အကြုံရှိအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါသည်။ ၎င်းတို့အနေဖြင့် တင်းကြပ်သည့်နိုင်ငံတကာပျံသန်းရေးစံနှုန်းများ၊ သတ်မှတ်ပြဌာန်းချက်များ၊ ကြီးကြပ်မှုများအောက်တွင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်မှု၏ ရလာဒ်အနေဖြင့် ကျွန်ုပ်တို့လုပ်ငန်းစတင်ခဲ့သည့် ၁၉၉၃ ခုနှစ်မှသည် ယနေ့အထိ အစွန်းအထင်းမရှိ ဘေးအန္တရာယ်ကင်းရှင်းမှုစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပင်ဖြစ်ပါသည်။ 

၁၃။ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ကို မည်သူပိုင်ပါသလဲ။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အမျိုးသားအလံဆောင် လေကြောင်းလိုင်းအဖြစ် ၁၉၉၃ ခုနှစ်၊ ဩဂုတ်လတွင် စတင်ပျံသန်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလတွင် MAI အနေဖြင့် ပုဂ္ဂလိကများနှင့် စီမံခန့်ခွဲမှုမှ နိုင်ငံတကာအမြင်ရှုထောင့်ရှိသည့် လက်တွဲဖက်အသစ်များ ရရှိခဲ့သည်။ 

၁၄။ ကျေးဇူးပြု၍ ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ရှင်းပြပါ။

သင့်ကိုယ်ပိုင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် နိုင်ငံတကာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များက ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းအပေါ် အချို့သောကန့်သတ်ချက်များ (သို့မဟုတ်) တားမြစ်ချက်များကို ချမှတ်ထားခဲ့ကြပါသည်။ 

မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ

၁။ မြန်မာနိုင်ငံသည် လာရောက်လည်ပတ်ရန် ဘေးအန္တရာယ်ကင်းရှင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသလား၊ နိုင်ငံရေးပြသာနာများနှင့် မတည်ငြိမ်မှုရှိသည်ဟု ကြားသိထားပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ပါသည်။ ရာဇဝတ် မှုခင်းဖြစ်ပွားမှုနှုန်း အလွန်နိမ့်ကျပြီး နိုင်ငံတစ်လွှားခရီးသွားလားခြင်းမှာ အလွန်အန္တရာယ်ကင်းပါသည်။ သို့ရာတွင် သတိမပြတ်ရှိနေခြင်းမှာ အစဉ်အမြဲကောင်းမွန်သည့်အချက်ဖြစ်ပါသည်။ သင်ဖတ်ရှုခဲ့ရမည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲများမှာ အများအားဖြင့် ချဲ့ကားရေးသားထားကြခြင်းဖြစ်သည်။ အစိုးရအဖွဲ့သည် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ၁၇ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးထားပြီး များစွာမကြာသေးမီက အတိုက်အခံအဖြစ် နောက်ဆုံးကျန်ရှိနေသော ကရင်အမျိုးသားညီညွှတ်ရေးအဖွဲ့ (KNU) နှင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်၍ ယခုအခါ လက်နက်ကိုင်တိုက်ပွဲအနည်းငယ် (သို့မဟုတ်) မရှိသလောက်ပင်ဖြစ်သည်။

မြန်မာလူမျိုးများသည် ယေဘုယျအားဖြင့် အေးချမ်းတည်ငြိမ်ပြီး ပျော်ပျော်ရွှင်ရွှင်ရှိကြသည်။ မြန်မာလူမျိုးတို့၏ တမူထူးခြားသော ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ၏ သဘာဝဗီဇအရပင် ရိုးသားဖြူစင်ပြီး လှိုက်လှဲပျူငှာသည့် ဧည့်ဝတ်ကြေပွန်မှုကြောင့် ၎င်းတို့ကို ကမ္ဘာတစ်လွှားလူသိများထင်ရှားလာခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘာသာရေး (သို့မဟုတ်) လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိသလောက် နည်းပါးလှသည်။ တစ်လမ်းတည်းအတူနေကြသည့် မွတ်ဆလင်၊ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူနှင့် တရုတ်လူမျိုးများအားလုံး မကြာခဏဆိုသလို ဘေးချင်းကပ် လုံးဝပျော်ပျော်ပါးပါးနေထိုင်ကြသည်။

၂။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ရန် တစ်နှစ်တာကာလ၏ အကောင်းဆုံးအချိန်ကဘာလဲ။

မြန်မာနိုင်ငံကို တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်နိုင်ပါသည်။ သင်မည်သည့်နေရာသို့လည်ပတ်ရန် စီစဉ်ထားသလဲဆိုသည့်အချက်ပေါ်တွင် မူတည်ပါသည်။ မြန်မာနိုင်ငံတွင်ရာသီဥတုသုံးမျိုး (ပူသောရာသီ၊ အေးသောရာသီနှင့် စိုစွတ်သောမုတ်သုံရာသီ) ရှိပါသည်။ အပူဆုံးကာလမှာ မတ်လမှ မေလအထိဖြစ်ပြီး မုတ်သုန်ရာသီမှာ မေလကုန်မှ အောက်တိုဘာလလယ်အထိနှင့် အေးမြသောရာသီမှာ အောက်တိုဘာလမှ ဖေဖော်ဝါရီနှောင်းပိုင်းအထိ ဖြစ်ပါသည်။

မုတ်သုံရာသီအတွင်း ရန်ကုန်မြို့နှင့် ကမ်းရိုးတန်းဒေသများတွင် အလွန်စိုစွတ်သော်လည်း ပုဂံနှင့် မန္တလေးကဲ့သို့ဒေသများတွင် အေးမြပြီး ရက်သတ္တတစ်ပတ်လျှင် ၃ ရက်မှ ၄ ရက်အထိသာ စပ်ဖွဲဖွဲရွာသောမိုးကြောင့် စိမ်းစိုနေပါသည်။ အဆိုပါဒေသများမှာ နှစ်စဉ်မိုးရေချိန် လက်မ ၂၀ ခန့်သာရွာသွန်းပြီး မိုးရေချိန် လက်မ ၁၀၀ မှ ၂၀၀ ထိရွာသွန်းသော ရန်ကုန်မြို့နှင့် နှိုင်းယှဉ်ပါက မိုးနည်းဒေသဖြစ်ပါသည်။

ပူပြင်းသည့်ရာသီကာလအတွင်း တောင်ထူထပ်သော မြောက်ပိုင်းဒေသများသည် သိသိသာသာ ပိုမိုအေးမြနေဆဲဖြစ်သောကြောင့် အဆိုပါဒေသများသို့ လည်ပတ်ရန် အကောင်းဆုံးဖြစ်ပါသည်။ အေးမြသည့်ရာသီတွင် အပူချိန်သည် သုညဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါသည်။
မြန်မာနိုင်ငံကို အပူပိုင်းဒေသနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားသော်လည်း နိုင်ငံမြောက်ပိုင်းဒေသများသည် ဥတ္တရ (မြောက်) ယဉ်စွန်းတန်းအထက်တွင် တည်ရှိပြီး သမပိုင်းဇုန်တွင် ကျရောက်နေပါသည်။

၃။ မြန်မာနိုင်ငံတွင် ကြည့်ရှုလေ့လာရန် အဓိကပွဲလမ်းနှင့် အခမ်းအနားများမှာ ဘာတွေလဲ။

မြန်မာနိုင်ငံသည် ပွဲလမ်းသဘင်များပြည့်နှက်နေသည့် နိုင်ငံဖြစ်သည်။ တစ်နှစ်ပတ်လုံး အထူးသဖြင့် မုတ်သုံရာသီကုန်လွန်ပြီးနောက် ခြောက်သွေ့ကာလတွင် ဘာသာရေးနှင့် တိုင်းရင်းသားမျိုးနွယ်စု ပွဲတော်နှစ်မျိုးလုံးရှိနေပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိပြီး မျိုးနွယ်စုတိုင်းသည် ၎င်းတို့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို လွတ်လွတ်လပ်လပ်လိုက်နာကျင့်သုံးပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားကြပါသည်။ ပိုမိုအသေးစိတ်သိရှိရန် ကျွန်ုပ်တို့၏ ပွဲလမ်းသဘင်ဆိုင်ရာပြက္ခဒိန်ကို ကြည့်ရှုလေ့လာပါ။

၄။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဗီဇာလိုအပ်ပါသလား။

လိုအပ်ပါသည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်ရန် တရားဝင်နိုင်ငံကူးလက်မှတ်တစ်စောင်နှင့် ဗီဇာတစ်ခု လိုအပ်ပါသည်။

ပြည်ဝင်ခွင့်ဗီဇာကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် (သို့မဟုတ် ခရီးသည်အများအပြားအတွက် အကူးအပြောင်းကြားစခန်းဖြစ်သည့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင်) ရရှိနိုင်ပါသည်။

ယခုအခါ မြန်မာနိုင်ငံသားများအတွက် E-Visa ရရှိပြီဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများအတွက် E-Visa ကိုလည်း ယခုလျှောက်ထားနိုင်ပြီဖြစ်ပြီး http://www.visa.gov.mm သို့ ဝင်ရောက်ကာ online မှ လျှောက်ထားရယူနိုင်ပြီဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားဗီဇာနှင့် ဆောင်ရွက်ခ အမေရိကန်ဒေါ်လာ ၃၀ ကျသင့်ပြီး အထက်ဖော်ပြပါ Website တွင် ဖော်ပြထားသည့်အတိုင်း လိုအက်သည့်အချက်အလက်များကို ဖြည့်စွက်တင်ပြကာ Visa အကြွေးဝယ်ခွင့်ကတ် အသုံးပြုလျက် ငွေပေးသွင်းခြင်းဖြင့် ဗီဇာရရှိနိုင်မည်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဗီဇာရရှိရန် လုပ်ငန်းဆောင်ရွက်မှုမှာ ရုံးဖွင့်ရက်နှစ်ရက်ခန့် လိုအပ်မည်ဖြစ်ပြီး ဗီဇာသက်တမ်းမှာ အတည်ပြုသည့်နေ့မှ ရက်ပေါင်း ၉၀ ဖြစ်သည်။

ပိုမိုသိရှိလိုသောသတင်းအချက်အလက်များနှင့် Online ဗီဇာလျှောက်ထားရန်အတွက် အထက်ဖော်ပြပါ Website ကို ဝင်ရောက်ကြည့်ရှုပါ။

၅။ မြန်မာနိုင်ငံသို့ဝင်ရောက်ရန် ဗီဇာတစ်စောင် မည်သို့ရရှိနိုင်မည်နည်း။

သင်နေထိုင်ရာဒေသရှိ မြန်မာသံရုံး (သို့) ကောင်စစ်ဝန်ရုံး (သို့) www.visa.gov.mm တွင် ဝင်ရောက်ကာ online မှတဆင့် ဗီဇာများကို ရရှိနိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာခ အမေရိကန်ဒေါ်လာ ၂၀ နှင့် လုပ်ငန်းဆိုင်ရာခရီးသွားလာမှုအတွက် အမေရိကန်ဒေါ်လာ ၃၀ ကျသင့်ပြီး လုပ်ငန်းဆောင်ရွက်ခ အမေရိကန်ဒေါ်လာ ၁၀ စီ ထပ်မံပေးဆောင်ရမည်ဖြစ်ပါသည်။ ဗီဇာနှင့်စပ်လျဉ်း၍ ပိုမိုလေ့လာထားပါ။

၆။ မြန်မာနိုင်ငံကို ရောက်ရှိပြီးနောက် သွားရောက်လည်ပတ်ရန် အကောင်းဆုံးနည်းလမ်းကဘာလဲ။

မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာရေးအတွက် မတူညီသည့် ရွေးချယ်စရာအများအပြားရှိပါသည်။ သင်သွားရောက်ရန်စီစဉ်ထားသည့် ခရီးအကွာအဝေးနှင့် လည်ပတ်ရန် သင်ပေးနိုင်သည့် အချိန်အတိုင်းအတာပေါ်မူတည်၍ မှန်ကန်သည့်ရွေးချယ်မှုကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ Website မှ Destination In Myamar အခန်းသို့ ဝင်ရောက်ကာရရှိနိုင်မည့် ရွေးချယ်ခွင့်များနှင့် စပ်လျဉ်း၍ လေ့လာလိုက်ပါ။ 

၇။ကျွန်ုပ်နှင့်အတူ ယူဆောင်ရမည့် မလွဲမသွေလိုအပ်သောခရီးသွားပစ္စည်းများက ဘာတွေလဲ။

ခြင်နိုင်ဆေးနှင့် နေပူခံလိမ်းဆေးတို့မှာ မဖြစ်မနေယူဆောင်ရမည့် ပစ္စည်းများဖြစ်သည်။ ပေါ့ပါးသည့်ချည်ထည်အဝတ်အစား၊ ကွင်းထိုးဖိနပ် (သို့မဟုတ်) ကြိုးသိုင်းဖိနပ်၊ နေကာဦးထုပ်နှင့် ပိုမိုအေးသောရာသီ (သို့မဟုတ်) မြောက်ပိုင်းပိုရောက်သည့် တောင်တန်းဒေသများသို့ သွားရောက်လည်ပတ်မှုအတွက် ပေါ့ပါးသည့်အပေါ်အင်္ကျီ (ဂျက်ကတ်) (သို့မဟုတ်) ဆွယ်တာတို့ကိုယူဆောင်ရန် အကြံပြုရမည်ဖြစ်သည်။ ပဋိဇီဝကဲ့သို့သော အရေးပေါ်အခြေအနေတွင် ပုံမှန်သုံးနေကျလိုအပ်မည့် ဆေးဝါးအချို့ကိုလည်း ယူဆောင်ခဲ့ပါ။ ဆေးဝါးအများစုမှာ ရရှိနိုင်သော်လည်း သင်အသုံးပြုနေကြအမှတ်တံဆိပ် ဖြစ်ချင်မှဖြစ်မည်။ တစ်ကိုယ်ရေအာမခံ/ ခရီးသွားအာမခံများ ဝယ်ယူခြင်းသည်လည်း စိတ်ကူးကောင်းတစ် ခုဖြစ်နိုင်ပါသည်။ 

၈။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်ပါသလား။

မြန်မာနိုင်ငံတွင် ယခုအခါ ဈေးကွက်ဦးစားပေးစီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ကြိုဆိုလက်ခံလျက်ရှိပါသည်။