MAI ဧ်။ အချက်အလက်များ

မလေးရှားအဲယားလိုင်း Malaysia Airlines (MH)

မလေးရှားအဲယားလိုင်းသည် မလေးရှားနိုင်ငံ၏ နိုင်ငံပိုင်အမျိုးသားလေကြောင်းလိုင်းဖြစ်ပြီး မလေးရှားနိုင်ငံတစ်ဝှမ်းနှင့် မလေးရှားသို့ အသွား၊ အပြန်သွားရောက်ရန် အကောင်းဆုံးနည်းလမ်းကို ကမ်းလှမ်းလျက်ရှိသည်။ လေကြောင်းလိုင်းသည် မလေးရှားနိုင်ငံ၏ အမျိုးမျိုးသော လှပဆန်းကြယ်မှုများဖြင့် လှုံဆော်ထားသည့် မမေ့နိုင်စရာခရီးများတွင် နေ့စဉ်လေယာဉ်စီးခရီးသည် ၄၀,၀၀၀ ကို ပျံသန်းပို့ဆောင်ပေးလျက်ရှိသည်။ မလေးရှားအဲယားလိုင်းသည် လေယာဉ်ပေါ်တွင် မလေးရှားနိုင်ငံ၏ ပေါကြွယ်ဝလှသော ရိုးရာထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှု၊ အစားအစာနှင့် နွေးထွေးပျူငှာမှုတို့ဖြင့် သိမ်းသွင်းဆွဲဆောင်ကာ မလေးရှားနိုင်ငံ၏ မယုံနိုင်ဖွယ်ကွဲပြားခြားနားမှုကို သရုပ်ဖော်ပြနေပြီး တစ်ချိန်တည်းမှာပင် အခြားမည်သည့်လေကြောင်းလိုင်းထက်မဆို မလေးရှားနိုင်ငံ၏ လည်ပတ်ရန်နေရာဒေသများကို ပိုမိုဖွင့်လှစ်ပြသပေးလျက်ရှိသည်။ မလေးရှားအဲယားလိုင်းသည် လေယာဉ်စီးရေ ၈၀ ကျော် ပိုင်ဆိုင်ပြီး ၎င်း၏ မဟာမိတ်အဖွဲ့ဝင်ဒေသများတစ်လျောက် နေရာဒေသ ၁,၀၀၀ နီးပါးကို ပျံသန်းပြေးဆွဲလျက်ရှိသည်။

ကိုရီးယားအဲယား Korean Air (KE)

ကိုရီးယားအဲသည် တောင်ကိုရီးယားနိုင်ငံ၏ တိုးတက်နေသည့် ဂုဏ်သတင်းကို ကမ္ဘာတစ်လွှားတွင် ပိုမိုမြှင့်တင်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် လေကြောင်းလိုင်းဖြစ်ပြီး လေကြောင်းလမ်းခရီးစဉ်သစ်များ ဖော်ဆောင်ကာ ၎င်း၏ကမ္ဘာလုံးဆိုင်ရာကွန်ယက်ကို ထက်ထက်သန်သန် တိုးချဲ့နေသည့်ပြင် နိုင်ငံရပ်ခြားအရောင်းဌာနများ တိုးချဲ့ကာ လေကြောင်းလိုင်း၏ ဖွံ့ဖြိုးမှုကို ထိန်းသိမ်းလျက်ရှိနေသည်။ ၂၀၁၉ ခုနှစ် မေလကုန်တွင် ကိုရီးယားအဲသည် လေယာဉ် ၁၆၈ စီး ပိုင်ဆိုင်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်း၊ မြို့ ၁၃ မြို့အပါအဝင် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၄၄ နိုင်ငံရှိ မြို့ကြီး ၁၂၄ မြို့သို့ လေကြောင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိသည်။

အေရှန်းနားအဲယားလိုင်း Asiana Airlines (OZ)

အေရှန်းနားအဲယားလိုင်းသည် ကိုရီးယားအဲပြီးလျှင် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး အဓိကလေကြောင်းလိုင်းဖြစ်သည်။ အေရှန်းနားအဲယားလိုင်း၏ ရုံးချုပ်မှာ ဆိုးလ်မြို့ရှိ အေရှန်းနားတောင်း အဆောက်အအုံတွင် တည်ရှိသည်။ ၂၀၁၈ ခုနှစ် စာရင်းများအရ အေရှန်းနားအဲယားလိုင်းသည် ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်းနှင့် နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်ဝေစု ၁၆ ရာခိုင်နှုန်း ရရှိထားသည်။ လေယာဉ်စီးရေ ၈၀ ကျော်ပါဝင်သည့် လေယာဉ်အုပ်ဖြင့် တရုတ်၊ ဂျပန်၊ အရှေ့တောင်အာရှနှင့် အာရှတိုက်အလယ်ပိုင်းမှ အရေးပါသည့် မြို့ကြီးများအပါအဝင် အာရှကွန်ယက်နှင့် တိုက်ကြီးလေးတိုက်ပေါ်မှ နေရာဒေသအများအပြားသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

ဂရုဒါအင်ဒိုနီးရှား Garuda Indonesia (GA)

အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သည့် ဂရုဒါအင်ဒိုနီးရှားသည် အင်ဒိုနီးရှားနိုင်ငံ၏ လှပသောကျွန်းစုပေါ်ရှိ ထူးခြားဆန်းပြားသော ဒေသများအပါအဝင် ကမ္ဘာတစ်လွှား နေရာဒေသ ၈၃ နေရာသို့ တစ်ပြိုင်တည်း စဉ်ဆက်မပြတ် ပျံသန်းပြေးဆွဲနေသည့် လေယာဉ်စီးရေ ၁၉၆ စီးပါဝင်သော လေယာဉ်အုပ်ဖြင့် နေ့စဉ်လေကြောင်းခရီးစဉ် ၆၀၀ ကျော် ပျံသန်းနေသည့် ဂရုဒါအင်ဒိုနီးရှားလေကြောင်းလိုင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ နွေးထွေးပျူငှာမှုနှင့် ပေါကြွယ်ဝလှသော အမျိုးမျိုးသောယဉ်ကျေးမှုတို့ကို အသားပေးဖော်ကျူးထားသည့် ဆုတန်းဝင် ထင်ရှားသောဝန်ဆောင်မှု “ဂရုဒါအင်ဒိုနီးရှားအတွေ့အကြုံ” ဖြင့် ၎င်း၏ခရီးသည်များအား ဂုဏ်ယူစွာ အသုံးတော်ခံလျက်ရှိသည်။ ပိုမိုကောင်းမွန်ပြီး ပိုမိုအဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဂရုဒါအင်ဒိုနီးရှားလေကြောင်းလိုင်းအနေဖြင့် ၎င်း၏လက်ရှိဆောင်ရွက်နေသော အသွင်ကူးပြောင်းရေးအစီအစဉ်ဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Skytrax ၏ ကြယ်ငါးပွင့် (5-Stars) လေကြောင်းလိုင်းအဆင့်သတ်မှတ်ချက် ရရှိခဲ့သကဲသို့ ဂုဏ်သတင်းမြင့်မားသည့် အောင်မြင်မှုတစ်ရပ်ဖြစ်သော “ကမ္ဘာ့အကောင်းဆုံးလေယာဉ်အဖွဲ့သား” ဆုကို ၂၀၁၄ မှ ၂၀၁၇ ထိ လေးနှစ်ဆက်တိုက် ရရှိခဲ့ခြင်းက ဂရုဒါအင်ဒိုနီးရှား၏ အသွင်ကူးပြောင်းရေးဆောင်ရွက်ချက်၏ တိုးတက်အောင်မြင်မှုကို မြင်တွေ့နိုင်မည်ဖြစ်သည်။

သီရိလင်္ကာအဲယားလိုင်း SriLankan Airlines (UL)

၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သီရိလင်္ကာအဲယားလိုင်းသည် ဝန်ဆောင်မှု၊ သက်တောင့်သက်သာရှိမှု၊ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချရမှု၊ ယုံကြည်ကိုးစားထိုက်မှုနှင့် အချိန်မှန်မှုတို့အတွက် ခိုင်မာသည့်ဂုဏ်သတင်းနှင့် ဆုတန်းဝင်လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ လေကြောင်းလိုင်း၏ ဗဟိုချက်မှာ ကိုလံဘိုမြို့ရှိ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံမှ နေရာဒေသ ၁၀၉ နေရာပါဝင်သည့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းခရီးကွန်ယက်ကို ဆက်သွယ်ပျံသန်းပြေးဆွဲလျက်ပါသည်။ 

တော်ဝင်ဘရူနိုင်းအဲယားလိုင်း Royal Brunei Airlines (BI)

တော်ဝင်ဘရူနိုင်းအဲယားလိုင်းသည် နိုင်ငံ၏အလံဆောင် အထင်ကရလေကြောင်းလိုင်းဖြစ်ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ဘရူနိုင်းဒါရုဆလန် အစိုးရအဖွဲ့ ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သော လွတ်လပ်သည့်ကော်ပိုရေးရှင်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထောင်စုနှစ်စတင်ပြီးနောက် မကြာမြင့်မီတွင်ပင် တော်ဝင်ဘရူနိုင်းအဲယားလိုင်း ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့မှ လေကြောင်းလိုင်း၏ အဆင့်အတန်းကို ကမ္ဘာ့အဆင့်လေကြောင်းလိုင်းအဖြစ် တိုးတက်ပြောင်းလဲမည့် ရဲရင့်ထက်သန်သည့် မဟာဗျူဟာတစ်ရပ်ကို ဖွင့်ဟကြေညာခဲ့သည်။ အစီအစဉ်မှာ အဖွဲ့အစည်းကို ကောင်းမွန်စွာဖွဲ့စည်းပြီး အင်တိုက်အားတိုက် တက်တက်ကြွကြွဖြစ်လာစေရေး ဆောင်ရွက်ရန်ပင်ဖြစ်သည်။ 

အဲယားကမ္ဘောဇ Air KBZ (K7)

မြန်မာနိုင်ငံတွင် တိုးပွားလာသော ပြည်တွင်းလေကြောင်းခရီးသွားလာမှု လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရေးအတွက် အဲယားကမ္ဘောဇကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့သည်။ လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ATR-72 600s (၉) စီးနှင့် ATR-72 500 တစ်စီးပါဝင်သည့် ATR-72 (၁၀) စီးဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး နိုင်ငံအတွင်း အကြီးဆုံး ATR လေကြောင်းကုမ္မဏီဖြစ်သည်။ အဲယားကမ္ဘောဇ၏ လေကြောင်းကွန်ယက်မှာ ပြည်တွင်းနေရာဒေသ ၁၆ ခု ကို လွှမ်းခြုံထားသည်။ ရန်ကုန်မြို့ရှိ အဲယားကမ္ဘောဇ၏ ပင်မနေရာမှသည် ညောင်ဦး-ပုဂံ (NYU)၊ မန္တလေး (MDL)၊ ဟဲဟိုး (HEH)၊ နေပြည်တော် (NYT)၊ သံတွဲ-ငပလီကမ်းခြေ (SNW)၊ ကော့သောင်း (KAW)၊ လွိုင်ကော် (LIW)၊ ကလေး (KMV)၊ မြစ်ကြီးနား (MYT)၊ လားရှိုး (LSH)၊ တာချီလိတ် (THL)၊ ထားဝယ် (TVY)၊ စစ်တွေ (AKY)၊ ခန္တီး (KHM) နှင့် မြိတ် (MGZ) မြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။ လေကြောင်းလိုင်းသည် တစ်လလျှင် လေကြောင်းခရီးစဉ်ပေါင်း ၁၅၀၀ နီးပါး ပျံသန်းပြေးဆွဲကာ ခရီးသည် ၆၅,၀၀၀ မှ ၇၀,၀၀၀ ကြားကို ပို့ဆောင်ပေးလျက်ရှိပါသည်။