MAI ဧ်။ အချက်အလက်များ

ကျွန်ုပ်တို့၏ မန္တလေးမှ ဘန်ကောက်သို့ လမ်းကြောင်းသစ်!

လုပ်ငန်းချဲ့ထွင်သကဲသို့ ခရီး လမ်းကြောင်းများကိုလည်း ချဲ့ထွင်နေပါသည်။ ကျွန်ုပ်တို့၏ ရှေးဟောင်း မင်းနေပြည် (မန္တလေး) မှသည် ဘန်ကောက်မြို့သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲပါမည်။

ထိုင်း

ထိုင်း (ယခင်က Siam) သည် အာရှတိုက်တွင် လူ့ယဉ်ကျေးမှုအစပျိုးသည့် အာရုဏ်ဦးကာလကတည်းကပင် လူများမှီတင်းနေထိုင်ခဲ့ကြသည်။ ထိုင်းတို့၏ မူလဇစ်မြစ်နှင့်စပ်လျဉ်းသည့် အမြင်များအပေါ် အငြင်းပွားနေကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄၅၀၀ ခန့်က ထိုင်းတို့သည် တရုတ်နိုင်ငံ ဆီချွမ်အနောက်မြောက်ဖက်တွင် မူလနေထိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်းတစ်လျောက် ထိုင်းနိုင်ငံသို့ ရေကြည်ရာမြက်နုရာ ဆင်းလာခဲ့ကြသည်။ ထိုသို့ပြောင်းရွှေ့လာရင်း အဓိကအုပ်စုနှစ်စုအဖြစ်သို့ ကွဲပြားသွားခဲ့သည်။ အုပ်စုတစ်စုမှာ မြောက်ပိုင်းတွင် အခြေချနေထိုင်ပြီး “Lan Na” ဘုရင့်နေပြည်တော် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ခမာတို့၏ တိုက်ခိုက်မှုကိုခံရကာ “Sukhothai” ဘုရင့်နိုင်ငံဖြစ်လာခဲ့သည်။ အခြားအုပ်စုတစ်စုမှာ တောင်ပိုင်းသို့ ပိုမိုရွေ့လျားလာခဲ့သည်။ သို့ရာတွင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Udon Thani ပြည်နယ်၊ Nong Ham ခရိုင်ရှိ Ban Chiang ကျေးရွာတွင် ရှေးဟောင်း သုတေသန တူးဖော်တွေ့ရှိချက်အရ ထိုင်းနိုင်ငံသမိုင်းသည် ပြောင်းလဲသွားခဲ့သည်။ ကြေးခေတ်သတ္တုများ ရှာဖွေတွေ့ရှိသည့် အထောက်အထားများ အရ ထိုင်းတို့သည် လက်ရှိထိုင်းနိုင်ငံတွင်ပင် မူလစတင် အခြေချနေထိုင်ခဲ့ကျပြီး နောက်ပိုင်းတွင် တရုတ်အပါအဝင် အာရှနေရာအနှံ့အပြားသို့ ဖြန့်ကျဲရောက်ရှိ သွားခဲ့ပုံရသည်ဟု ယူဆနေကြသည်။

ထိုင်းတို့၏ မူလဇစ်မြစ်အပေါ် အငြင်းပွားနေမှုများသည် တိကျသည့် အဖြေတစ်ရပ်ရရှိမည့် လက္ခဏာမရှိသေးပေ။ များစွာသောအယူအဆများကို ရှေ့တန်းတင်လာကြပြီး အချို့အယူအဆများမှာ ပိုမိုရှေ့ထွက်နေကာ ထိုင်းတို့၏ မူလဇစ်မြစ်မှာ မွန်ဂိုလွိုက်ထက် အော်စထရိုနီးရှန်း (Austronesian) များ ဖြစ်နိုင်သည်ဟုပင် အချို့ကဆိုလာကြသည်။ အငြင်းပွားမှုများ၏ရလာဒ် မည်သို့ပင်ထွက်ရှိစေကာမူ ၁၃ ရာစုတွင် ထိုင်းတို့မှာ အရှေ့တောင်အာရှိတွင် အခြေချနေထိုင်နေကြပြီးဖြစ်သည်။

ဘန်ကောက် (Bangkok)

ကျောက်ဖယားမြစ် (Chao Phraya River) ကမ်းပေါ်တွင် တည်ရှိသည့် ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သည်။ နိုင်ငံ၏အကြီးဆုံးမြို့လည်းဖြစ်ပြီး လူဦးရေ ၇ သန်းခန့် နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးမြို့များအနက် အဆင့် ၂၂ ဖြစ်သည့် ဤကြွယ်ဝချမ်းသာသည့်မြို့မှာ နှစ်စဉ်ဧည့်သည် ၁၅ သန်းခန့်ကို လက်ခံရရှိလျက်ရှိသည်။

ဘန်ကောက်မြို့သည် အပူပိုင်းဇုန်ရာသီဥတုသွင်ပြင်လက္ခဏာဆောင်ပြီး တစ်နှစ်တာကာလအတွင်း အချိန်အများစုမှာ စိုထိုင်းလျက်ရှိသည်။ ဘန်ကောက်မြို့သည် ခြောက်သွေ့သောရာသီနှင့် စွတ်စိုသောရာသီဥတု တစ်လှည့်စီကျရောက်နေသည်။ ခြောက်သွေ့ရာသီမှာ မြင့်မားသည့်စိုထိုင်းဆ အဆင့်နှင့်အတူပူနွေးပြီး ညအချိန်ကာလများတွင် သာယာနှစ်လိုဖွယ်ကောင်းသည်။

သမိုင်းကြောင်းအရ ဘန်ကောက်မြို့မှာ သေးငယ်သောကုန်သွယ်ရေးဗဟိုဌာနတစ်ခုဖြစ်ခဲ့ပြီး ယခုအခါတွင်မူ အရှေ့တောင်အာရှတွင် အရေးပါသောစီးပွားရေးနှင့် ဘဏ္ဍာရေးဗဟိုအချက်အချာအဖြစ် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။ ဘန်ကောက်မြို့နှင့်စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ မြို့၏အမည်အပြည့်အစုံသည် Guinness Book of Records တွင် နေရာတစ်ခု၏ ကမ္ဘာ့အရှည်လျားဆုံးအမည်အဖြစ် စာရင်းဝင်နေခြင်းပင်ဖြစ်သည်။

ပတ္တယား (Pattaya)

ကမ္ဘာနှင့်အဝှမ်း ကောင်းစွာသိရှိကြသည့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းမြို့တစ်ခုဖြစ်သည့် ပတ္တယားသည် ဘန်ကောက်မြို့၏ အရှေ့တောင်ဖက် ကီလိုမီတာ ၁၇၀ ခန့်အကွာ ထိုင်းပင်လယ်ကွေ့ အရှေ့ဖက်ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည်။ ပတ္တယားမြို့သည် ကမ်းရိုးတန်းတစ်လျှောက် ၁၅ ကီလိုမီတာကျော် ဖြန့်ကျက်နေသည်။ လူဦးရေ ၉၆,၀၀၀ ကျော်ရှိပြီး မတူညီကွဲပြားသည့် နိုင်ငံသားပေါင်းစုံ စုပေါင်းနေထိုင်ရာ မြို့ တစ်မြို့ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဧည့်သည် ၅ သန်းကျော်ကို ကြိုဆိုလက်ခံရာမြို့ဖြစ်သည်။

သွားရောက်လည်ပတ်ရန် အကောင်းဆုံးကာလမှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိဖြစ်ပြီး အဆိုပါကာလတွင် ရာသီဥတုမှာ ခြောက်သွေ့ပြီး ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်အကြား အနေတော်ပူနွေးသည်။ ဖေဖော်ဝါရီလမှ မေလအထိမှာ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး တခါတရံ မိုးနှင့်အတူ ပြင်းထန်သည့်မိုးကြိုးမုန်တိုင်းများ ကျရောက်တတ်သည်။ မုတ်သုန်ရာသီမှာ ဇွန်လမှ အောက်တိုဘာလအထိဖြစ်ပြီး ပြင်းထန်သည့်မိုးနှင့်အတူ စွတ်စိုထိုင်းမှိုင်းမှု ၉၀ ရာခိုင်နှုန်းနှင့် အပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ထိ ရှိသည်။

ချင်းမိုင် (Chiang Mai)

ချင်းမိုင်သည် ဒုတိယအကြီးဆုံးမြို့နှင့် ထိုင်းနိုင်ငံ၏ အရေးပါဆုံးမြို့များအနက် တစ်မြို့ဖြစ်သည်။ ပိုင်မြစ်ကမ်းပေါ်တွင်တည်ရှိသည့် ချင်းမိုင်မြို့သည် ချင်းမိုင်ပြည်နယ်၏ ပြည်နယ်မြို့တော်လည်းဖြစ်သည်။ လူဦးရေ ၁၇၀,၀၀၀ ခန့် နေထိုင်သည့် ချင်းမိုင်မြို့သည် ခေတ်သစ်နှင့် ရိုးရာ နှစ်လိုဖွယ်ပေါင်းစပ်နေမှုကြောင့် အာရှ၏ထိပ်တန်းနေရာဒေသများအနက် တစ်ခုအဖြစ်မှတ်ယူခံထားရသည်။

ချင်းမိုင်မြို့၏ရာသီဥတုမှာ အီကွေတာရပ်ဝန်း သဘာဝအတိုင်း ပူပြင်းစိုစွတ်သည့် နွေရာသီကာလများနှင့် နှစ်လိုဖွယ်အေးမြသည့် ဆောင်းရာသီကာလများဖြစ်သည်။ ဇူလိုင်မှ အောက်တိုဘာအထိကာလအတွင်း မုတ်သုံမိုးများက စိမ်းလန်းစိုပြေမှုကို ဖော်ဆောင်ပေးသည်။ ဆောင်းရာသီကာလများမှာ လာရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ထိုအချိန်တွင် ရာသီဥတုမှာ မအေးလွန်းမပူလွန်း မျှတပြီး တောက်ပသည့် နေရောင်ခြည်နှင့် လှပသည့်ပန်းများ ဖူးပွင့်ဝေဆာနေကြသည်။

ချင်းမိုင်မြို့ကို ၁၂၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အိုးလုပ်ငန်း၊ ပန်းပုနှင့် အခြားအနုပညာများအတွက် ထူးခြားသည့်အချက်အချာဒေသဖြစ်ခဲ့သည်။ အမျိုးမျိုးသော အနုပညာနှင့် လက်မှုပညာအရောင်းဆိုင်များတွင် မြို့၏ထင်ပေါ်ကျော်ကြားမှုဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းပေးသည့်လက်ရာများ ယခုတိုင်တွေ့မြင်နေရဆဲဖြစ်သည်။ ယခုအခါတွင် ထိုင်းနိုင်ငံ၏ ဖွင့်ဖြိုးတိုးတက်မှု မြန်ဆန်သော မြို့အဖြစ်ရပ်တည်လျှက်ရှိသည်။

ဖူးခက် (Phuket)

ဖူးခက်သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းပေါ်ရှိ မြို့တစ်မြို့ဖြစ်သည်။ ဖူးခက်သည်သာယာ၀ပြောသော စီးပွားရေးအချက်အချာ မြို့ငယ်တစ်မြို့ဖြစ်ပြီး ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် အာရုံဖမ်းစားနိုင်သည့် ပင်လယ်ကမ်းခြေများနှင့် ဆွဲဆောင်နေသည့်မြို့ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ဖူးခက်ကို မြို့တစ်မြို့အဖြစ် တရားဝင်ပေါင်းစည်းပေးခဲ့ပြီး လူဦးရေ ၆၀,၀၀၀ ခန့် နေထိုင်ရာဖြစ်သည်။

ဖူးခက်မြို့မှာ အပူပိုင်းမုတ်သုန်ရာသီဥတုရှိပြီး တစ်နှစ်ပတ်လုံး ပူနွေးသည့်အပူချိန်ရှိသည်။ ဖူးခက်တွင် မုတ်သုန်လေများကြောင့် အဓိကရာသီဥတုနှစ်ခုရှိပြီး ခြောက်သွေ့သည့်ရာသီဥတုနှင့် စိုစွတ်သည့်ရာသီဥတုဖြစ်သည်။ ဧပြီမှ မေလအထိ အပူပြင်းဆုံးကာလဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာမှာ အအေးဆုံးလများဖြစ်သည်။

ဖူးခက်ဆိုသောအမည်မှာ တောင်ကုန်းတစ်ခုဟုအဓိပ္ပာယ်ရသော “Bukit” ဆိုသော စကားလုံးမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ဖူးခက်မြို့မှာ ရိုးရာဓလေ့ထုံးတမ်းလိုက်နာမှုနှင့် ခေတ်မီနေထိုင်မှုတို့ ပေါင်းဆုံရာ စိတ်ဝင်စားဖွယ်နေရာတစ်ခုဖြစ်သည်။ မြို့၏ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေးတွင် သံဖြူသတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ပါဝင်သည်။

အယုဒ္ဓယ (Ayutthaya)

သမိုင်းဝင်မြို့ဖြစ်သည့် အယုဒ္ဓယသည် ထိုင်းနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်မှ ကျွန်းတစ်ကျွန်းပေါ်ရှိ ယခုတိုင်ခေတ်မဆန်သေးသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။ အယုဒ္ဓယသည် ပြည်နယ်မြို့တော်ဖြစ်ပြီး ဘန်ကောက်မြို့မှ ကီလိုမီတာ ၉၀ ဝန်းကျင် ကွာဝေးသည်။ အယုဒ္ဓယမြို့သည် ကျောက်ဖယား (Chao Phraya)၊ လော့ဘူရီ (Lopburi) နှင့် ပါဆက် (Pa Sak) မြစ်သုံးခုဆုံရာတွင် တည်ရှိသည်။

လူဦးရေ ၇၅,၀၀၀ ကျော်ရှိသည့်မြို့သည် ခန့်မှန်းခြေအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၇ ဒီဂရီစင်တီဂရိတ်ကြား ရှိသည်။ နိုဝင်ဘာမှ ဖေဖော်ဝါရီထိကာလသည် လည်ပတ်ရန်အကောင်းဆုံးအချိန်အဖြစ် မှတ်ယူရမည်ဖြစ်သည်။ အယုဒ္ဓယမြို့သည် ၁၇၆၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။ သို့ရာတွင် မြို့၏အပျက်အစီးများသည် ယခုတိုင် အယုဒ္ဓသမိုင်းဝင်ပန်းခြံအတွင်း ရှိနေဆဲဖြစ်သည်။ မျက်မှောက်မြို့ကို အဆိုပါ အပျက်အစီးများကြားမှ ထူထောင်ထားခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် မြို့ကို UNESCO ၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ကြေညာခဲ့သည်။ အယုဒ္ဓယသို့ ရထားဖြင့် သွားရောက်ပါက ဈေးအသက်သာဆုံးနှင့် သဘာဝ အလှအပများ ကိုခံစားနိုင်မည် ဖြစ်သည်။ သို့ရာတွင် ဘန်ကောက်မှ မီနီဘတ်စ်နှင့် ပုံမှန်ခရီးသည်တင် ဘတ်စ်ကားကြီးများ လည်းရှိသည်။

ကော့စမွှေ (KohSamui)

ကော့စမွေသည် ထိုင်းဘုရင့်နိုင်ငံတော်၏ တတိယအကြီးဆုံးကျွန်းဖြစ်သည်။ ကော့စမွေသည် ဆူရတ်သန်နီ (Surat Thani) ပြည်နယ်တွင်တည်ရှိပြီး ဘန်ကောက်မြို့၏တောင်ဘက် ကီလိုမီတာ ၅၀၀ ကျော်တွင်ရှိသည်။ အကြမ်းအားဖြင့် စက်ဝိုင်းပုံသဏ္ဍာန်ရှိသည့် အပူပိုင်းဇုန်ကျွန်းသည် ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသည်။

ကော့စမွေတွင် လေယာဉ်ကွင်းတစ်ခုရှိပြီး ဘန်ကောက်သို့ နေ့စဉ်လေယာဉ်ခရီးစဉ်ရှိသည်။ သို့ရာတွင် ကမ္ဘာလှည့်ခရီးသွားအများအပြားသည် ကျွန်းသို့ရောက်ရှိရန် ပိုမိုဈေးသက်သာသည့် ရွေးချယ်မှုဖြစ်သော ညရထား၊ ခရီးသည်တင်ဘတ်စ်ကားနှင့် ကူးတို့သင်္ဘောတို့ကို အသုံးပြုရန် ဦးစားပေးကြသည်။ ကျွန်းသည် အပူအအေးမျှတသော ရာသီဥတုရှိပြီး ပူနွေးပြီးနေသာသည်။ အပူချိန်မှာ အမြဲတမ်းလိုလို ၂၅ ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိသည်။ ဖေဖော်ဝါရီမှ မေလအထိမှာ တစ်နှစ်၏အပူဆုံးအချိန်ကာလဖြစ်ပြီး အောက်တိုဘာမှ ဒီဇင်ဘာအထိမှာ ပြင်းထန်သည့် မုတ်သုန်ရာသီဥတုကြောင့် ယေဘုယျအားဖြင့် လာရောက်လည်ပတ်ရန် အကြံမပြုပေ။

ကော့စမွေတွင် လူဦးရေ ၅၀,၀၀၀ နီးပါးနေထိုင်ကြပြီး ကျွန်းကိုဝန်းရံလျက် အနည်းဆုံး ကျွန်းငယ် ၆၀ ခန့်ရှိနေပြီး ၎င်းတို့အထဲတွင် အန်းသွန်း (Ang Thong) အမျိုးသား ရေအောက်ပြတိုက် တည်ရှိသည်။