ရန်ကုန်
ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အဓိကစီးပွားရေးအချက်အချာမြို့ဖြစ်ပြီး မြန်မာနိုင်ငံသို့ လေကြာင်း၊ ရေကြောင်းမှ ဝင်ရောက်ရာ တံခါးပေါက်ဖြစ်သည်။ ရန်ကုန်သည် ပင်လယ်မှ ကီလိုမီတာ ၃၀ အကွာ ရန်ကုန်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ရန်ကုန်မြို့၏ ရှေးဦးအမည်မှာ ဥက္ကလာဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော် ဂေါတမဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားပွင့်တော်မူစဉ် စွန့်ကြဲတော်မူခဲ့သော ဗုဒ္ဓဆံတော်များကို ဌာပနာထည့်သွင်းပူဇော်ရန် ရွှေတိဂုံစေတီတော်ကြီးကို တည်ထားခဲ့ပြီးနောက် ဥက္ကလာမြို့သည် ဘုရားဖူးမျှော်ရာ အဓိကဌာနအဖြစ် လူသိများထင်ရှားလာပြီး ဒဂုံမြို့အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ သက္ကရာဇ် ၁၇၅၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကိုထူထောင်ခဲ့သူ အလောင်းမင်းတရားကြီးက အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် ရန်အပေါင်းချုပ်ငြိမ်းပြီးဆုံးသည့်အနေဖြင့် ဒဂုံမြို့ကို ရန်ကုန်ဟု အမည်ပြောင်းလဲသမုတ်ပေးခဲ့သည်။ ပေါ်တူဂီခြေကုတ်စခန်းဖြစ်သည့် သံလျင်ကို အနောက်ဖက်လွန်မင်းတရားကြီး သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့သည် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးအတွက် အရေးပါသည့်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်လာခဲ့သည်။
၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့ပြီး အောက်မြန်မာနိုင်ငံမှာ ဗြိတိသျှလက်အောက် ကျရောက်ခဲ့ရသည်။ ဗြိတိသျှတို့က ရန်ကုန်ကို Rangoon ဟု ၎င်းတို့အသံထွက်အတိုင်း ခေါ်ဝေါ်သုံးစွဲခဲ့ကြပြီး ထိုအချိန်မှစ၍ ရန်ကုန်သည် အစိုးရရုံးစိုက်ရာမြို့ဖြစ်လာခဲ့သည်။ သို့ရာတွင် မြန်မာဘုရင့် မင်းနေပြည်တော်မှာ ၁၈၈၅ ခုနှစ်အထိ မန္တလေးတွင် ဆက်လက်တည်ရှိဆဲဖြစ်သည်။ ရန်ကုန်မြို့တော်ကို ဗြိတိသျှအင်ဂျင်နီယာကော်ပိုရေးရှင်းမှ လက်ဖတင်နင်ဖရေဇာက ပုံစံရေးဆွဲတည်ဆောက်ပေးခဲ့သည်။ လက်ဖတင်နင်ဖရေဇာသည် စင်္ကာပူမြို့ကွက်ပုံစံကိုလည်း ရေးဆွဲပေးခဲ့သူဖြစ်သည်။ အမြဲစိမ်းစိုနေသည့် အပူပိုင်းသစ်ပင်များ၊ ပန်းများလှပဝေဆာစွာ ဖူးပွင့်နေသည့် အရိပ်ရဥယျာဉ်များ၊ ရေကန်များဖြင့် ရန်ကုန်မြို့သည် အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်အဖြစ် ၂၀၀၅ ခုနှစ်အထိ တည်ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာ့တပ်မတော်ခေါင်းဆောင် ဦးသန်းရွှေ၏ အုပ်ချုပ်မှုအောက်၌ နေပြည်တော်ကို မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
ရန်ကုန်မြို့သည် အခြားအရွယ်အစားတူ အာရှမြို့များနှင့် မတူညီလုံးဝကွဲပြားခြားနားသော ခံစားမှုကို ပေးစွမ်းနိုင်ပြီး ယခုတိုင်ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲလိုသော ဆန္ဒက လွှမ်းခြုံစိုးမိုးနိုင်ခြင်း မရှိသေးပေ။ ရန်ကုန်မြို့အနေဖြင့် မြို့၏ဖွံ့ဖြိုးတိုးတက်မှုကို အများနှင့်မတူ တမူထူးခြားစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ကိုယ့်အတိုင်းအတာနှင့်ကိုယ် လျှောက်လှမ်းလျက်ရှိနေသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ရွှေတိဂုံဘုရားကို သွားရောက်မဖူးမျှော်ပဲနှင့် ပြည့်စုံလုံလောက်မည်မဟုတ်ပါ။ ဤဝင်းလက် တောက်ပနေသည့် ကမ္ဘာကျော် ရွှေပြားခတ်ဘုရားကြီးသည် အမြင့် ၉၉ မီတာရှိပြီး စေတီရံ ၆၄ ဆူ ဝန်းရံတည်ဆောက် ထားသည်။ ရွှေတိဂုံစေတီတော်ကြီးသည် စေတီတည်ရှိရာကုန်းပေါ်မှ တစ်မြို့လုံးကို လွှမ်းမိုးထားသည်။ ဤအံ့ဖွယ်စေတီတော်မြတ်ကြီးကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရာစုနှစ်များစွာအတွင်း မူလအမြင့် ၈ မီတာ (၂၆ ပေ) မှ လက်ရှိ ၉၉ မီတာ (၃၆၆ ပေ) အထိ အဆင့်ဆင့် ပြုပြင်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ပုဂံ
မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သည့်ဒေသရှိ ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိသော ပုဂံမြို့သည် မြန်မာနိုင်ငံ၏ လူသိများအထင်ရှားဆုံး သမိုင်းဝင်နေရာတစ်ခုပင်ဖြစ်ပါသည်။ ပုဂံမြို့၏ ရှေးဟောင်းအဆောက်အအုံများသည် ၁၆ စတုရန်းမိုင်ခန့် ကျယ်ပြန့်သောနေရာပေါ်တွင် ပျံ့နှံ့တည်ရှိနေကြသည်။ အရေအတွက် ၂၂၀၀ ကျော်ရှိ အဆောက်အအုံအားလုံးမှာ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကအဆောက်အအုံများ ဖြစ်ကြသည်။ ၁၁ ရာစုမှ ၁၃ ရာစုအထိ ကာလအတွင်း ပုဂံနေပြည်တော်ကို အုပ်စိုးခဲ့သည့် ဘုရင်များသည် ပုဂံပြည်သူများကို စည်းလုံးညီညွတ်စေခဲ့ကာ မျက်မှောက်မြန်မာနိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်စေမည့် လူမှုရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေး (အုပ်ချုပ်ရေး) ဆိုင်ရာ အခြေခံစည်းမျဉ်းများကို ဖန်တီးခဲ့ကြသည်။
အဆိုပါဘုရင်များ၏ လမ်းညွှန်မှုဖြင့် ပုဂံသည် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသည့် ဖွံ့ဖြိုးတိုးတက်သော မြို့ကြီးတစ်မြို့ဖြစ်လာခဲ့သည်။ အနီးပတ်ဝန်းကျင်ဒေသမှ ပြည်သူများသည် စည်ပင်ဖွံ့ဖြိုးသည့် ပုဂံမြို့သို့ ခိုဝင်လာကြသည်။ ပုဂံမြို့သည် မြို့ရိုးဝန်းပတ်ထားသောမြို့ဖြစ်ခဲ့ပြီး စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်းကန်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ အဆိုပါ သာသနိကအဆောက်အအုံများတွင် အဓိကအားဖြင့် ထုထည်အပြည့် ပုထိုးတော်ကြီးများနှင့် လှိုဏ်ဂူပေါက်ပါစေတီများ ပါဝင်သည်။ ထုထည်ပြည့် ပုထိုးတော်ကြီးများသည် အများအားဖြင့် ပစ္စယံအဆင့်ဆင့်ပေါ်တွင် ခေါင်းလောင်းပုံ လုံးတော်ပြည့်တည်ထားပြီး အထွဋ်ပေါ်တွင် ထီးတော်တင်ထားကြသည်။ ပုထိုးတော်ကြီးများ၏ရှည်လျားသော အပေါ်ပိုင်းမီးသီးသဏ္ဍာန် ပုံစံသည် နောက်ပိုင်းခေတ်များတွင် တည်ဆောက်ခဲ့သည့် မြင့်မြင့်မားမားနှင့်သွယ်လျသော စေတီတော်များနှင့် ကွဲပြားလျက်ရှိပြီး ပုထိုးတော်ကြီးများ၏ ရှေးကျမှုကို ဖော်ညွှန်းပြသနေကြသည်။ လှိုဏ်ဂူပေါက်စေတီများမှာ ပုဂံခေတ်ဗိသုကာလက်ရာ၏ သာသနိကအဆောက်အအုံဆိုင်ရာ အခြားထင်ရှားသော ပုံစံတစ်မျိုးပင်ဖြစ်သည်။
ပုဂံသည် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ အဓိကဆွဲဆောင်ရာ နေရာတစ်နေရာဖြစ်သည်။ ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင်တည်ရှိပြီး အာရှ၏ ရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းဖွယ်ပေါကြွယ်ဝလှသော နေရာတစ်နေရာဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးမင်းနေပြည်တော်ဖြစ်ခဲ့သည့် ပုဂံမြို့တွင် ၁၁ ရာစုနှင့် ၁၃ ရာစုကြားကာလတွင် တည်ဆောက်ခဲ့သော ဘုရား၊ ကျောင်းကန် ၂၀၀၀ ကျော်ကို သေချာစွာထိန်းသိမ်းထားရှိပြီး အဆိုပါ ဘုရား၊ ကျောင်းကန်များသည် စတုရန်းကီလိုမီတာ ၄၀ ကျော်ရှိ ဧရိယာအတွင်း ပျံ့နှံ့တည်ရှိနေကြသည်။ အဆိုပါ ဘုရား၊ စေတီများအနက် ထင်ရှားသောဘုရား၊ စေတီအချို့မှာ အောက်ပါအတိုင်းဖြစ်သည် -
၁။ အာနန္ဒာဘုရား
သက္ကရာဇ် ၁၀၉၀ တွင် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားသည် အစောပိုင်းဘုရားတည်ဆောက်မှု ဗိသုကာလက်ရာများအနက် ထူးခြားပြောင်မြောက်သည့်လက်ရာဖြစ်သည်။ အာနန္ဒာဘုရားတွင် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး လေးဆူနှင့် ဗုဒ္ဓဝင်ဆေးရေးပန်းချီ ၈၀ ကို ရေးဆွဲပူဇော်ထားသည်။
၂။ သဗ္ဗညုဘုရား
၁၂ ရာစုနှစ် အလယ်ပိုင်းခန့်တွင် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် သဗ္ဗညုပုထိုးတော်ကြီးသည် ၆၆ မီတာကျော် မြင့်မားပြီး အခြားဘုရား၊ စေတီများအားလုံးထက် မြင့်မားသည်။
၃။ ဂူပြောက်ကြီးဘုရား (ဝက်ကြီးအင်း)
၁၃ ရာစုတွင် တည်ထားခဲ့သည့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ကြီးနှင့် ပုံစံတူတည်ဆောက်ထားသော ဂူပြောက်ကြီးဘုရားသည် ဗုဒ္ဓမြတ်စွာဘုရား၏ အတိတ်ဘဝဇာတ်ကြောင်းများကို ဖော်ကျူးရေးဆွဲထားသည့် နံရံဆေးရေးပန်းချီများကြောင့် ထင်ရှားသည်။
၄။ ထီးလိုမင်းလိုဘုရား
သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် နားတောင်းများဘုရင် တည်ထားကိုးကွယ်ခဲ့သော မီတာ ၅၀ အမြင့်ရှိ ထီးလိုမင်းလိုဘုရားသည် ပုဂံမှ အကြီးဆုံးဘုရား၊ ပုထိုးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သေသပ်ကောင်းမွန်သည့် ပန်းတမော့လက်ရာများကြောင့် ထင်ရှားသည်။
၅။ ဓမ္မရံကြီးဘုရား
၁၂ ရာစုတွင် နရသူဘုရင် တည်ထားကိုးကွယ်ခဲ့သည့် ထူထဲခိုင်ခန့်လှသော ဓမ္မရံကြီးဘုရားသည် ရှေးဟောင်းပုဂံ၏ သေသပ်ကောင်းမွန်လှသော အုတ်စီပညာကို ဖော်ကျူးထားသည်။
၆။ ရွှေစည်းခုံဘုရား
ရွှေစည်းခုံစေတီတော်မှာ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အနော်ရထာမင်းကြီးက စတင်တည်ထားခဲ့ပြီး ထီးနန်းအမွေဆက်ခံသည့် ကျန်စစ်သားမင်းကြီးက အပြီးသတ်တည်ဆောက်ပေးခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် နှောင်းပိုင်းမြန်မာဘုရားစေတီများအတွက် ရှေ့ပြေးကနဦးပုံစံ ဖြစ်လာခဲ့သည်။
မန္တလေး
မန္တလေးသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၂ ပေ အမြင့်တွင် တည်ရှိပြီး ၁၈၅၆ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး မြို့တည်ပေးခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံနောက်ဆုံးမင်းဆက်၏ မင်းနေပြည်တော်ဖြစ်ခဲ့သည်။ မန္တလေးသည် မြန်မာမင်းတို့ ဘုန်းမီးနေလတောက်ပခဲ့သည့်
ရွှေရောင်ကာလအရှိန်အဝါကို ပိုင်ဆိုင်နေဆဲဖြစ်သည်။ မန္တလေးသည် ယခုတိုင် ယဉ်ကျေးမှုအချက်အချာအဖြစ် အရေးပါနေဆဲဖြစ်သည်။ မန္တလေးမြို့သည် မန္တလေးနန်းတော်၏ အရှေ့မြောက်ဖက်ရှိ ၂၃၆ မီတာမြင့်သော မန္တလေးတောင်ကို အစွဲပြုလျက် မြို့အမည်ကို သမုတ်ပေးခဲ့ခြင်းဖြစ်သည်။ မန္တလေးနန်းတော်၊ မြို့ရိုးများ၊ ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် အဓိကအဆောက်အဦးအများအပြားသည် အမရပူရမှ လက်ရှိမန္တလေးသို့ မင်းနေပြည်တော် ပြောင်းရွှေ့ပြီးနောက် မကြာမီကာလအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နန်းတော်အပါအဝင် မန္တလေးမြို့သည် ဒုတိယကမ္ဘာစစ်၏ ပြင်းထန်သော တိုက်ပွဲများအတွင်း လုံးဝနီးပါးပျက်စီးခဲ့ရသည်။ သို့ဖြစ်၍လည်း မန္တလေးမြို့၏ ခမ်းနားထည်ဝါမှုနှင့် ဂုဏ်ကျက်သရေကို တစ်စိတ်တစ်ပိုင်း ပြန်လည်ထိန်းသိမ်းထားရှိခြင်းပင်ဖြစ်သည်။ မန္တလေးမြို့တွင် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အရေးပါသည့် စိတ်ဝင်စားဖွယ် အဆောက်အအုံများနှင့် လှပသည့်သစ်ထွင်းပန်းချီများ၊ ပြောင်မြောက်သည့် မြန်မာ့ပန်းတမော့လက်ရာများနှင့် တန်ဆာဆင်ထားသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ အများအပြားရှိသည်။ မန္တလေးသည် အကောင်းဆုံးမြန်မာ့ရိုးရာ ဂီတနှင့်သဘင်အခြေစိုက်ရာ ဒေသဖြစ်သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် အခြားဒေသများမှ ရဟန်းသံဃာများသည် ဗုဒ္ဓစာပေသင်ကြားလေ့လာရန် မန္တလေးသို့ လာရောက်ကြသည်။
ရွှေနန်းတော်ကျောင်း၊ တစ်ချိန်က ကျုံးပတ်လည်ဝန်းရံခဲ့သည့် နန်းတော်၏ ကြွင်းကျန်ရစ်သော အောက်ခြေခုံများ၊ မန္တလေးတောင်နှင့် ၎င်း၏ကွေ့ကောက်ဝေ့ဝိုက်နေသည့် လှေခါးထစ်များ၊ ဘုရားကျောင်းကန်နှင့် ကျယ်ပြောလှသောရှုခင်းများ၊ မဟာမုနိဘုရားမှ ရှေးဟောင်းရခိုင်ဗုဒ္ဓရုပ်ပွားတော်၊ ထို့ပြင် အထက်မြန်မာပြည်တစ်လွှား ဒေသစုံမှ လက်မှုတန်ဆာနှင့် ထွက်ကုန်များရောင်းချရာ လူစည်ကားလှသည့် ဈေးများကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။
မန္တလေးမြို့အနီးတွင် အမရပူရ၊ စစ်ကိုင်း၊ အင်းဝနှင့် မင်းကွန်း မြို့လေးမြို့တည်ရှိသည်။ ၎င်းတို့အနက် မင်းကွန်းသည် စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်သည်။ အပြီးမသတ်သော ဧရာမမင်းကွန်းပုထိုးတော်ကြီးထံ ရောက်ရှိရန် မန္တလေးမှ မြစ်ကြောင်းခရီးဖြင့်လာရန် လိုအပ်မည်ဖြစ်သည်။ ချိတ်ဆွဲထားနိုင်သော ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးဖြစ်သည့် အလေးချိန်တန် ၉၀ ရှိ မင်းကွန်းခေါင်းလောင်းကြီးကြောင့် မင်းကွန်းမှာ ထင်ရှားကျော်ကြားသည်။
အင်းလေးကန်
အင်းလေးကန်မှာ ရှမ်းပြည်နယ်ရှိ ထင်ရှားကျော်ကြားဆုံး သဘာဝအလှရှုခင်းများရှိရာ ဒေသဖြစ်သည်။ ရေကန်မှာ အလျား ၂၂ ဒသမ ၄ ကီလိုမီတာနှင့် ၁၀ ဒသမ ၂ ကီလိုမီတာ အကျယ်ရှိပြီး ရေတိမ်တိမ်နှင့် အလွန်တရာ နှစ်လိုဖွယ်ရာ ဆွဲဆောင်မှုအပြည့်ရှိသည်။ အင်းလေးကန်သည် ခြေဖြင့်လှော်လှော်သူများအဖြစ် နာမည်ကျော်နေသော အင်းသားများ၏ နေထိုင်ရာဒေသဖြစ်သည်။ အင်းသားများသည် ၎င်းတို့၏လှေလှော်ကျွမ်းကျင်မှုကြောင့် လူသိများထင်ရှားကြသည်။ လှေပဲ့ပိုင်းတွင် ခြေတစ်ဖက်ဖြင့် ခိုင်ခိုင်မြဲမြဲရပ်ကာ ခန္ဓာကိုယ်ဟန်ချက်ထိန်းရင်း လှော်တက်ကို အခြားခြေတစ်ဖက်ဖြင့်ချိတ်လျက် လှေလှော်ကြခြင်းဖြစ်သည်။
အင်းသားတို့သည် ရေကန်ပေါ်တွင် နေထိုင်လျက် ရေကန်ကိုအမှီပြုကာ နေထိုင်မှုဘဝကို ပုံဖော်နေကြသည်။ အင်းသားတို့သည် ရေကန်အောက်ခြေကြမ်းခင်းပေါ်တွင် စိုက်ထူထားသောတိုင်များအပေါ် ရေကန်မျက်နှာပြင်ထက်တွင် ပျဉ်ထောင်၊ ပျဉ်ခင်း သို့မဟုတ် ထရံကာ၊ သက်ကယ်မိုးအိမ်များကို တည်ဆောက်ကြသည်။ မြေပြင်သည်ပင်လျှင် ကျွန်းမျှောဖြစ်နေသည်။ အင်းသားတို့သည် ၎င်းတို့၏ တီထွင်ဖန်တီးနိုင်မှုကို အသုံးပြုလျက် ဖျာများကိုယက်ကာ ၎င်းဖျာများပေါ်တွင် ရေကန်အောက်ခြေကြမ်းခင်းမှ တူးယူထားသောရွှံ့များဖြင့် အလွှာလွှာအထပ်ထပ်ပြုလုပ်ပြီး ရေမျောဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ပန်းခြံများကို ဖန်တီးကြသည်။ ပန်းခြံများသည် ရှည်လျားသောဝါးလုံးတိုင်များဖြင့် စိုက်ထူကာ တစ်နေရာတွင် ရပ်တန့်ထားလိုက်သည်။ အဆိုပါ စိုက်ခင်းများမှာ တစ်နေရာမှတစ်နေရာသို့ ဆွဲယူသွားနိုင်သည်။ ညို့မှိုင်းသောတောင်တန်းပြာများ၏ အလယ်တွင်တည်ရှိသည့် အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၉၀၀ ခန့်တွင် တည်ရှိသည်။ ရေကန်ပေါ်နှင့် ရေကန်ဝန်းကျင်တွင် ဗုဒ္ဓဘာသာဘုရားစေတီနှင့် ဘုန်းတော်ကြီးကျောင်း ၁၀၀ ကျော်ရှိသည်။
ကျိုက်ထီးရိုး
ကျိုက်ထီးရိုးစေတီတော်သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အရှေ့ရိုးမတောင်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ပေါင်းလောင်းတောင်တန်း အစွန်အဖျားပေါ်တွင် တည်ရှိသည်။ ကျိုက်ထီးရိုးစေတီတော်သည် မြန်မာနိုင်ငံရှိ ထင်ရှားသောဘုရားများအနက် တစ်ဆူဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၆၀၀ ခန့်တွင် တည်ရှိသည်။ ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ တောင်ကိုလည်း ကျိုက်ထီးရိုးတောင်ဟုပင် ခေါ်ဆိုသည်။ ကျိုက်ထီးရိုးတောင်ပေါ်တွင် အလွန်ကြီးမားပြီးမတ်စောက်သည့် ကျောက်တောင်ကြီးတစ်ခုရှိသည်။ အဆိုပါ ကျောက်တောင်ကြီး၏ အစွန်းပေါ်တွင် လုံးပတ်အဝန်း ပေ ၅၀ ခန့်ရှိ အခြားဧရာမကျောက်တုံးကြီးတစ်ခုက တည်ရှိနေသည်။ အမှတ်မဲ့ကြည့်လိုက်ပါက အသာအယာတွန်းလိုက်ရုံဖြင့် ကျောက်တုံးကြီး ပြုတ်ကျသွားမည်ဟု ထင်ရပုံ ပေါ်နေသည်။ ကျောက်တုံးကြီးမှာ လူ့ဦးခေါင်းနှင့် ပုံသဏ္ဍာန်တူညီသည်။ အဆိုပါ ကျောက်တုံးကြီးပေါ်တွင် အမြင့် ၁၅ ပေရှိ စေတီငယ်တစ်ဆူ တည်ထားသည်။ ဝါးနှီးချောင်းငယ်တစ်ခု၏ အဖျားတစ်ဖက်တွင် အပ်ချည်ကြိုးကိုချည်ပြီး ကျောက်တုံးကြီး အောက်ခြေတစ်နေရာတွင် ထားပါ။ ဝါးနှီးကို မောင်းတံအဖြစ်အသုံးပြုလျက် အပ်ချည်ကြိုးအား ကျောက်တုံးကြီးအောက်ခြေတစ်ဖက်မှ အခြားတစ်ဖက်သို့ ဖြတ်ဆွဲနိုင်သည်ကို မြင်ရခြင်းဖြင့် ကျောက်တုံးကြီးသည် အောက်ခံကျောက်တောင်နှင့် ထိစပ်လျက်ရှိမနေကြောင်း သိရှိနိုင်မည်ဖြစ်သည်။ ဘုရားဖူးများ၏ ရွှေချထားမှုကြောင့် နေရောင်အောက်တွင် ကျောက်တုံးကြီးသည် ဝင်းပတောက်ပြောင်လျက်ရှိသည်။ ကျိုက်ထီးရိုးဘုရားသည် ရန်ကုန်မှ ကီလိုမီတာ ၁၆၀ အကွာတွင် တည်ရှိသည်။
ငပလီကမ်းခြေ
အရှေ့တိုင်းမှ နေပဲလ်ဟု သိရှိကြသည့် ငပလီကမ်းခြေသည် ရခိုင်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ငပလီသည် မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေများအနက်မှ တစ်ခုဖြစ်သည်။ ပင်လယ်ပြာပြာ၊ ဖြူလွလွသဲသောင်ပြင်၊ လေယူရာတိမ်းယိမ်းနွဲ့နေသည့် အုန်းပင်တန်းများဖြင့် ငပလီကမ်းခြေသည် အလျား ၃ ကီလိုမီတာကျော် ရှည်လျားသည်။ ရန်ကုန်မှ လေကြောင်းဖြင့် နာရီဝက်ပျံသန်းရသည်။ မော်တော်ယဉ်ဖြင့်ဆိုလျှင် ပြည်မြို့မှတဆင့် ၁၄ နာရီကြာ မောင်းနှင်ရသည်။ ငပလီတွင် ကျွင်း ၁၈ ကျွင်းပါ ဂေါက်ကွင်းနှင့် Bay View ဟိုတယ်၊ Sandoway Beach Resort စသည့် ပထမတန်းဟိုတယ်များမှသည် Nagpali Beach နှင့် Silver Beach စသည့် ပုံမှန်ဟိုတယ်များအထိ ဟိုတယ်အမျိုးအစားအများအပြားရှိသည်။ 5S (Sea၊ Sand၊ Sun၊ Swim နှင့် Snorkeling) ကို နှစ်သက်မြန်နိုးသူများအနေဖြင့် ငပလီသို့အလည်တစ်ခေါက် မဖြစ်မနေ အရောက်သွားသင့်သည်။
ချောင်းသာ
ချောင်းသာကမ်းခြေသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၏ အနောက်ဖက် ၄၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ရန်ကုန်နှင့် ချောင်းသာအကြား လေယာဉ်ပျံသန်းပြေးဆွဲမှု မရှိပေ။ ရန်ကုန်မှ ချောင်းသာသို့ မော်တော်ယာဉ်ဖြင့် ဆိုပါက ပုသိမ်မှတဆင့် ၅ နာရီကြာ မောင်းနှင်ရသည်။ ဘန်ဂလိုပုံစံ ကမ်းခြေအပမ်းဖြေ ဟိုတယ်များတွင် ခေတ်မီအသုံး အဆောင်ပစ္စည်းများ တွေ့နိုင်သည်။ လူသွားလာမှု နည်းပါးသည့် သဘာဝအလှအတိုင်းရှိနေသည့် ချောင်းသာကမ်းခြေမှာ ကြည်လင်ပြာလဲ့နေသော ရေပြင်နှင့် သဲသောင်ပြင် ဖြူဖြူဖွေးဖွေးရှိနေသည်။ ချောင်းသာကမ်းခြေမှာ ကမ္ဘာပေါ်မှ အလှပဆုံး နေရာဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ငွေဆောင်ကမ်းခြေ
ငွေဆောင်ကမ်းခြေမှာ ပုသိမ်မြို့မှ ၂၉ မိုင်အကွာတွင်ရှိပြီး သဘာဝအတိုင်းတည်ရှိနေသေးသည့် တစ်မိုင်ခန့်ရှည်လျားသော ကမ်းခြေတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဖက်ကမ်းရိုးတန်းတွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူလျက်ရှိသည်။ ကမ်းခြေတစ်လျောက် လေယူရာတိမ်းယိမ်းနွဲ့နေသည့် ရှည်လျားစိမ်းစိုသော အုန်းပင်များဖြင့် ပိုင်းခြားထားသည်။ ဘန်ဂလိုအသစ်လေးများ အများအပြားရှိသည်။